မိုင်းယောင်းခရိုင်အတွင်း  ဗိုလ်ကတော် ကျောင်းဆရာမများက စစ်တပ်၏ အာဏာကို အသုံးချပြီး အခွင့်အရေး ပိုယူနေ 

မိုင်းယောင်းခရိုင်အတွင်း  ဗိုလ်ကတော် ကျောင်းဆရာမများက စစ်တပ်၏ အာဏာကို အသုံးချပြီး အခွင့်အရေး ပိုယူနေ 
သြဂုတ် 24, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းယောင်းခရိုင်အတွင်း ပညာရေးနှင့်ပတ်သက်ပြီး ဗိုလ်ကတော် ကျောင်းဆရာမများမှာ ပညာရေးဌာန၏ လုပ်ထုံးလုပ်နည်းကို ကျော်လွန်ကာ အခွင့်အရေးများ ပိုရနေသလို သာလွန်းသည့် ကျောင်းများတွင် အမိန့်စာမပါပဲ တွဲထားသည်ဟုဆိုကာ ရွှေ့ပြောင်းနေမှုများရှိကြောင်း သိရသည်။

"စစ်ဗိုလ်ရဲ့ ဇနီး ဗိုလ်ကတော် ကျောင်းဆရာမတွေက သူသွားရမဲ့ သူတာဝန်ကျတဲ့ ကျောင်းရဲ့ အမိန့်စာ(Order)ကို ကြည့်စရာမလိုဘဲ လိုရာကျောင်းကို သွားနေလို့ရတဲ့ အနေအထားမျိုးဖြစ်နေတယ်။ တနည်းပြောရရင် မိုင်းယောင်းပညာရေးအပိုင်းမှာ စစ်တပ်ရဲ့ ကြီးစိုးမှုအပိုင်းက လွန်ကဲတဲ့ အပိုင်းကို ရောက်နေတယ်"ဟု အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက Tachileik News Agency သို့ ၂၀၂၂ခုနှစ် ဩဂုတ်လ(၂၄)ရက်နေ့တွင် ပြောသည်။

မိုင်းယောင်းခရိုင်အတွင်း ဗိုလ်ကတော်ကျောင်းဆရာမများသည် ကျောင်းများတွင် ဆရာ၊ဆရာမ လိုအပ်ချက်အရ မဟုတ်ဘဲ အခွင့်အရေးနည်းပါးသည့် ကျောင်းကနေ အခွင့်အရေးများသည့် ကျောင်းများသို့ ပညာရေးဌာန၏ လုပ်ထုံးလုပ်နည်းအတိုင်း အမိန့်ညွှန်ကြားစာ မပါဘဲ တွဲ၍ တာဝန်ထမ်းဆောင်သည်ဟု ဆိုကာ သာလွန်သည့် ကျောင်းများတွင် ပြောင်းရွှေ့ တာဝန်ထမ်းနေခြင်း ဖြစ်ကြောင်း သိရသည်။

"သူတို့က သွားပြီး တွဲဘက် တာဝန်ထမ်းတယ်ဆိုတဲ့ သဘောမျိုး လုပ်တာ။ သူတို့ သွားတွဲလိုက်တဲ့ ကျောင်းတွေကလည်း ကျောင်းသား နဲ့ ဆရာ အချိုးကျ ဝန်ထမ်းအင်အား လိုအပ်နေလို့ တွဲထားတာမျိုးမဟုတ်ဘဲ သာတဲ့နေရာမှာ နေချင်လို့ ကို တွဲတာမျိုး အများစုဖြစ်နေကြတာ။ အချို့ကျောင်းတွေမှာ ဆရာ/မ အင်အား မလုံလောက်ဘဲနဲ့ ကိုယ့်ဝန်ထမ်းကို ပေးလိုက်ရတဲ့ ကျောင်းတွေရဲ့ တာဝန်ရှိသူတွေက သက်ဆိုင်ရာပညာရေးရုံးမှာ သွားပြီး ဖြေရှင်းကြပေမဲ့လည်း တာဝန်ရှိသူတွေကတော့ 'ငါတို့လဲ မလွန်ဆန်လို့ လုပ်ရတာ ဘာမှမတတ်နိုင်ဘူး'ဆိုတဲ့ စကားနဲ့တင် ပြီးသွားတယ်လို့ ကြားရတယ်ဗျာ"ဟု ဒေသခံတစ်ဦးက ပြောသည်။

 စစ်တပ်၏ ပိုင်စိုး ပိုင်နင်း ဆောင်ရွက်မှုများသည် ပြည်သူများသာ အထိနာခြင်းမဟုတ်ဘဲ ဝန်ထမ်းတွေပါ အလုပ်ခွင့်မှာ မပျော်တော့သည့် အနေအထားဖြစ်နေသလို ယခင်က မိုင်းယောင်းတွင် စစ်တပ်ကို အထင်ကြီးလေးစားခဲ့သူများပင်လျှင် ယခုလို လုပ်ရပ်များကြောင့် စစ်ကောင်စီ၏ လမ်းစဉ်ကို မကြိုက်၍ ညည်းညူနေကြရပြီဟုလည်း သိရသည်။

မိုင်းယောင်းခရိုင်အတွင်း မိုင်းယု နှင့် မိုင်းယောင်းမြို့နယ်များသည် နယ်စွန်နယ်ဖျားတွင်တည်ရှိပြီး သတင်းမီဒီယာ ဖွံ့ဖြိုးမှုမရှိသည့် ဒေသဖြစ်သလို အာဏာသိမ်းစစ်တပ်၏ လွှမ်းမိုးမှုအများဆုံး ဒေသလည်း ဖြစ်သည်။