စင်ကာပူတွင် အမျိုးသားချင်း လိင်ဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ်ကနေ ပယ်ဖျက်တော့မည်

Photo: REUTERS/Feline Lim
Photo: REUTERS/Feline Lim
စင်ကာပူတွင် အမျိုးသားချင်း လိင်ဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ်ကနေ ပယ်ဖျက်တော့မည်
သြဂုတ် 22, 2022 | နိုင်ငံတကာသတင်း
By Mr John

စင်ကာပူနိုင်ငံတွင် အမျိုးသားချင်းလိင်ဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားခြင်းအား ပယ်ဖျက်သွားမည်ဖြစ်သော်လည်း တရားဝင် လက်ထပ်ထိမ်းမြားခြင်းကိုမူ ခွင့်ပြုဖွယ်မရှိကြောင်း ဝန်ကြီးချုပ်လီရှန်လွန်းက ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့တွင် ထုတ်ဖေါ်ပြောကြားသည်။

စင်ကာပူတွင် ကိုလိုနီခေတ်က ပြဌာန်းခဲ့သည့် ဥပဒေအရ အမျိုးသားချင်းလိင်ဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားခြင်းကို ပယ်ဖျက်သွားမည့် ဝန်ကြီးချုပ်လီ၏ ယခုဆုံးဖြတ်ချက်ကို LGBTQ အုပ်စုများက ကြိုဆိုခဲ့ကြသည်။ 

သို့သော် လိင်တူချင်း လက်ထပ်ထိမ်းမြားမှုအပေါ် ခွဲခြားဆက်ဆံမှုဆက်ရှိနေမည်ကို ထိုအဖွဲ့များက စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း ထုတ်ဖေါ်ပြောကြားသည်။

ဝန်ကြီးချုပ်လီက အမျိုးသားနေ့အထိမ်းအမှတ် ချီတက်ပွဲတွင် မိန့်ခွန်းပြောကြားစဥ်  စင်ကာပူ လူမှုအသိုင်းအဝိုင်းက အထူးသဖြင့် လူငယ်များက လိင်တူချစ်သူများကို ပိုမို အသိအမှတ်ပြု လက်ခံလာကြသည်ကိုတွေ့ရသဖြင့် ရာဇဝတ်မှုသတ်မှတ်ခြင်းအား ပယ်ဖျက်မည့်အကြောင်းကို ထည့်သွင်းပြောကြားသွားသည်ကို တွေ့ရသည်။

 "ဒါက လုပ်သင့်လုပ်ထိုက်တာကို ကျွန်တော် ယုံကြည်ပါတယ်။ စင်ကာပူအများစုက လက်ခံကြပါလိမ့်မယ်" ဟု ၎င်းကဆိုသည်။

လက်ရှိ စင်ကာပူ၏ ဥပဒေပုဒ်မ ၃၇၇ (က) အရ ပြစ်မှုကျူးလွန်သူများကို ထောင်ဒဏ် (၂) နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်သော်လည်း လက်ရှိတွင် အဆိုပါပုဒ်မဖြင့် အရေးယူမှုမရှိကြောင်း သိရသည်။

ယခင်က အဆိုပါဥပဒေပယ်ဖျက်ရေးအတွက် LGBTQ အုပ်စုများက ဥပဒေကြောင်းအရ အရေးဆိုခဲ့ကြသော်လည်း မအောင်မြင်ခဲ့သဖြင့် ယခု ဝန်ကြီးချုပ်လီ၏ ဩဂုတ်လ (၂၁) ရက် ကြေညာချက်ကြောင့် စိတ်ချမ်းသာရကြောင်း LGBTQ အုပ်စုများက ပြောကြားခဲ့ကြသည်။

လက်ရှိတွင်မူ အဆိုပါ ဥပဒေမည်သည့်အချိန်တွင် ပယ်ဖျက်မည်ကို အတည်ပြုထုတ်ပြန်ထားခြင်းမရှိသေးသည်ကို တွေ့ရသည်။

Source: Reuters