တာချီလိတ်တွင် မီတာခလျှော့ချရေးနှင့် အိမ်ငှား၊ ဆိုင်ခန်းငှားများထံမှ မီတာခပိုကောက်ခြင်းများ ဖြေရှင်းရေးအတွက် ဆွေးနွေး

တာချီလိတ်တွင် မီတာခလျှော့ချရေးနှင့် အိမ်ငှား၊ ဆိုင်ခန်းငှားများထံမှ မီတာခပိုကောက်ခြင်းများ ဖြေရှင်းရေးအတွက် ဆွေးနွေး
ဇူလိုင် 23, 2020
By Tachileik News Agency
တာချီလိတ်တွင် မီတာခလျှော့ချရေးနှင့် အိမ်ငှား၊ ဆိုင်ခန်းငှားများထံမှ မီတာခပိုကောက်ခြင်းများ ဖြေရှင်းရေးအတွက် ဆွေးနွေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လျှပ်စစ်မီတာခများ လျှော့ချပေးရေးနှင့် လျှပ်စစ်မီတာခများအား သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံခြင်း မပြုစေရေးတို့ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့၌ မြို့မီးလင်းရေးကော်မတီက ဆွေးနွေးကြသည်။

တာချီလိတ်မြို့တွင် COVID 19 ကာလအတွင်း လျှပ်စစ်ဓာတ်အားခလျှော့ချပေးခြင်းကို ၂၀၂၀ ခုနှစ်၊ ဧပြီလနှင့် မေလအတွက် ပထမအကြိမ် လျှော့ချပေးခဲ့ပြီးနောက် မီတာခလျှော့ချပေးသည့်ကာလ ထပ်မံသတ်မှတ်ရန် ဆုံးဖြတ်လိုက်ကြခြင်းဖြစ်ကြောင်းသိရသည်။

မီတာခလျှော့ချရေးအပြင် တာချီလိတ်မြို့၌ နှစ်ပေါင်းများစွာ အိမ်ရှင်၊ ဆိုင်ရှင်များက အိမ်ခန်းငှား၊ ဆိုင်ခန်းငှားများထံ လျှပ်စစ်မီတာခ ပိုမိုကောက်ခံနေခြင်းများနှင့်ပတ်သက်၍ ဖြေရှင်းပေးနိုင်ရေးအပါအဝင် ဓာတ်အားဖြန့်ဖြူးရာတွင် လိုအပ်သည်များကို ဖြည့်ဆည်းဖြေရှင်းနိုင်ရန် ဆွေးနွေးကြသည်ကို တွေ့ရသည်။

အဓိက ကတော့ မီးနိုင်နင်းမှုမရှိတဲ့ ပြဿနာပေါ့။ လာအိုမီးလည်းကျွန်တော်တို့ ကြိုးစားနေပါတယ်။ ရခါနီးအခြေအနေရောက်နေပါပြီ။ လာအိုမီးရဖို့ လိုင်းတည်ဆောက်ဖို့ ကြာချိန်တွေမှာ မီးနိုင်နိုင်နင်းနင်း မီးလင်းရေးရုံးခွဲနဲ့ မျှမျှတတ သုံးနိုင်ဖို့အတွက်လည်း စီမံခန့်ခွဲထားပါတယ်။ လောလောဆယ် လာအိုမီး မဝင်လာခင်မှာ ထိုင်းမီးကို ဓာတ်အားခံနိုင်ရည်ရှိအောင်ကြိုးတွေကို လဲပြီးသုံးဖို့ ကျွန်တော်တို့ စီစဉ်ထားပါတယ်

ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီ(လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)ဥက္ကဌ ဦးတင်လှိုင်က အစည်းအဝေးအပြီးတွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့မီးလင်းရေးကော်မတီ အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် အစည်းအဝေးတွင် COVID-19 ကာလအတွင်း မီတာခများလျော့ချကောက်ခံရေးကိစ္စ၊ အိမ်ရှင်များက အိမ်ခန်းငှားများကို မီတာခပိုမိုကောက်ခံနေသည့်ကိစ္စ၊ ပျောက်ဆုံးယူနစ်လျော့ချနိုင်ရေးအတွက် မီးကြိုးများ လဲလှယ်ရေးကိစ္စ၊ မှုန်ဝါးပျက်စီးနေသည့် မီတာများ အသစ်ပြန်လည်လဲလှယ်ရေးကိစ္စများ၊ အဓိကလမ်းမကြီးများတွင် လမ်းမီးများကို ဝဲ၊ ယာထွန်းညှိနိုင်ရေးကိစ္စများနှင့် မီးတိုင်များပေါ်တွင် အင်တာနက်ကေဘယ်ကြိုးများ စနစ်တကျသွယ်တန်းရေးကိစ္စများကို ဆွေးနွေးကြခြင်းဖြစ်သည်။

တာချီလိတ်တွင် လက်ရှိအချိန်၌ ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူဖြန့်ဖြူးနေခြင်းဖြစ်ပြီး လာအိုနိုင်ငံမှ လျှပ်စစ်မီးကိုပါ ဝယ်ယူဖြန့်ဖြူးနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~