အာဏာသိမ်းစစ်ကောင်စီက ပြည်ထောင်စုဝန်ကြီး နှစ်ဦးနှင့် ဗဟိုဘဏ် ဥက္ကဌ၊ ဒုဥက္ကဌတို့ကို ဖြုတ်ပစ်

အာဏာသိမ်းစစ်ကောင်စီက ပြည်ထောင်စုဝန်ကြီး နှစ်ဦးနှင့် ဗဟိုဘဏ် ဥက္ကဌ၊ ဒုဥက္ကဌတို့ကို ဖြုတ်ပစ်
By Tachileik News Agency

အာဏာသိမ်းစစ်ကောင်စီက  ပြည်ထောင်စုဝန်ကြီးနှစ်ဦးဖြစ်သည့် ချစ်နိုင် (စိတ်ပညာ)နှင့် ဦးခင်ရီတို့နှင့် ဗဟိုဘဏ် ဥက္ကဌ ဦးသန်းညိန်း၊ ဒုဥက္ကဌ ဦးဝင်းသော်တို့ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၉)ရက်နေ့တွင် ရာထူးမှဖြုတ်လိုက်သည်။

လစ်လပ်သွားသည့် ဗဟိုဘဏ်ဥက္ကဌနေရာတွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသော်လည်း မသေခဲ့သည့် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို အစားထိုးခန့်လိုက်ပြီး ဒုဥက္ကဌနေရာကို ဦးဇော်မြင့်ဦးဆိုသူအား အစားထိုးခန့်လိုက်ခြင်းဖြစ်သည်။

 ဥက္ကဌ ဦးသန်းညိန်း၊ ဒုဥက္ကဌ ဦးဝင်းသော်တို့ကို ဖြုတ်ပစ်လိုက်ခြင်း ဖြစ်သည်။

ယခင် ဗဟိုဘဏ် ဒုဥက္ကဌ ဒေါ်သန်းသန်း‌ဆွေသည် ဧပြီလ ၇ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံရိပ်မွန်အိမ်ရာ တိုက် (၅)၊ သုံးလွှာ၊ အခန်း (၁၄)တွင်  သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရာက ဒဏ်ရာရရှိပြီးနောက် မင်္ဂလာဒုံစစ်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူခဲ့ရခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)၏ ပြည်ထောင်စုဝန်ကြီး ချစ်နိုင် (စိတ်ပညာ)နှင့် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့ကိုလည်း ဖြုတ်ပစ်လိုက်သည်ကို တွေ့ရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်ကို ခန့်အပ်ကာ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နေရာကို အဂတိ  လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးတင်ဦးကို ခန့်အပ်လိုက်သည်ကိုတွေ့ရသည်။

စစ်ကောင်စီက အလုပ်သမားဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ကို အဖြုတ်ခံလိုက်ရသည့် ဦးခင်ရီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာပို့လိုက်ပြီး အလုပ်သမားဝန်ကြီးနေရာတွင် ယခင်အစိုးရလက်ထက်က အဂတိမှုဖြင့် ထောင်ကျခဲ့သူ စီးပွား၊ ကူးသန်းဝန်ကြီး ဒေါက်တာပွင့်ဆန်းကို ခန့်အပ်လိုက်သည်ကို တွေ့ရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို အလုပ်သမားဝန်ကြီးအဖြစ်ရွှေ့ပြောင်းလိုက်ပြီး ၎င်းနေရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကို ခန့်အပ်လိုက်ကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌနေရာကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ ဦးသန်းဆွေကို ရွှေ့လိုက်ပြီး ဦးသန်းဆွေနေရာတွင် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင်ကို ပို့လိုက်ကာ  နေပြည်တော်ကောင်စီဥက္ကဌ နေရာတွင် ဦးတင်ဦးလွင်အား ပို့လိုက်သည်ကို တွေ့ရသည်။