နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းအဖွဲ့က ထောင်ဒဏ်ခြောက်နှစ် ထပ်မံချမှတ်

Photo: ၂၀၁၇ ခုနှစ်က ရှမ်းပြည်နယ် ပင်လုံမြို့တွင် ကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် 
Photo: ၂၀၁၇ ခုနှစ်က ရှမ်းပြည်နယ် ပင်လုံမြို့တွင် ကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် 
နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းအဖွဲ့က ထောင်ဒဏ်ခြောက်နှစ် ထပ်မံချမှတ်
By Tachileik News Agency

စစ်တပ်အင်အားဖြင့် အာဏာသိမ်းသည့်အဖွဲ့က နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ၎င်းတို့စွပ်စွဲထားသည့် အဂတိမှုဖြင့် နောက်ထပ်ထောင်ဒဏ် (၆)နှစ်ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၅)ရက်နေ့တွင် ချမှတ်လိုက်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ညွှန်ကြားရေးမှူး ဦးရဲထက်က တရားလိုပြုလုပ် စွပ်စွဲထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စနှင့်ပတ်သက်သည့်အဂတိမှုအတွက် နေပြည်တော် အထူးတရားရုံးက ချမှတ်ခြင်းဖြစ်သည်ဟု သိရသည်။ အာဏာသိမ်းအဖွဲ့က ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့အစောပိုင်းတွင် စစ်တပ်အင်အားဖြင့် အာဏာသိမ်းကာ ဖမ်းဆီထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးပုဒ်မ ၊ ပုဒ်မ ၅၀၅(ခ)၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးပုဒ်မတို့ ဖြင့် စုစုပေါင်း ထောင်ဒဏ် (၁၁) နှစ်ချမှတ်ထားပြီးဖြစ်ရာ ယနေ့ ထပ်တိုးသည့်ထောင်ဒဏ်အပါအဝင် စုစုပေါင်းထောင်ဒဏ် (၁၇) နှစ်ရှိသွားပြီဖြစ်သည်။

ယင်းအပြင် အာဏာသိမ်းအဖွဲ့က စွပ်စွဲထားသည့် နောက်ထပ် အမှုပေါင်း (၉)မှုကျန်ရှိနေဆဲဖြစ်သည်။

အာဏာသိမ်းအဖွဲ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို နေပြည်တောင် အချုပ်ထောင်တွင် လွန်ခဲ့သည့်နှစ်လကတည်းက ပြောင်းရွှေ့ထားခြင်းဖြစ်သည်။