အီဂျစ်တွင် ခရစ်ယာန်ဘုရားကျောင်း မီးလောင်မှုအတွင်း အနည်းဆုံး လူ (၄၁) ဦး သေဆုံး

အီဂျစ်တွင် ခရစ်ယာန်ဘုရားကျောင်း မီးလောင်မှုအတွင်း အနည်းဆုံး လူ (၄၁) ဦး သေဆုံး
သြဂုတ် 15, 2022 | နိုင်ငံတကာသတင်း
By Mr John

အီဂျစ်နိုင်ငံ ဂီဇာမြို့တွင် ခရစ်ယာရန်ဘုရားကျောင်းတစ်ခု မီးလောင်မှုမှုအတွင်း အနည်းဆုံး လူ (၄၁) ဦးသေဆုံးခဲ့ကြောင်း အစိုးရအရာရှိများက ပြောသည်။ 

ဩဂုတ်လ (၁၄) ရက်နေ့က ကော့ပ်တစ်ခရစ်ယာန်ဘုရားကျောင်း Coptic Abu Sifin တွင် ပြုလုပ်သည့် တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းပွဲအတွက် ဝတ်ပြုဆုတောင်းသူ (၅,၀၀၀) စုရုံး ရောက်ရှိနေစဥ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုကြောင့် ဘုရားကျောင်းဝင်ပေါက်နေရာ ပိတ်ဆို့နေခဲ့ပြီး လူအုပ်စု လဲပြိုမှုများ ဖြစ်ပေါ်ခဲ့ကာ သေဆုံးသူအများစုမှာ ကလေးများဖြစ်သည်ဟု Reuters သတင်းဌာန၏ သတင်းရင်းမြစ်များက ပြောသည်။

 မီးလောင်မှုအတွင်း အနည်းဆုံး လူ (၄၅) ဦး ဒဏ်ရာရခဲ့သော်လည်း မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို အတိအကျ မသိရသေးကြောင်းနှင့်  လျှပ်စစ်ပိုင်းဆိုင်ရာနှင့် ဆက်စပ်နိုင်ကြောင်း သတင်းထွက်ခဲ့သည်။

"လူတွေက တတိယထပ်နဲ့ စတုတ္တထပ်မှာ စုရုံးနေခဲ့ကြတယ်။ ဒုတိယထပ်ကနေ မီးခိုးထွက်လာတာ မြင့်ခဲ့တယ်။ လူတွေက အောက်ထပ်ကို ပြေးဆင်းလာခဲ့ကြပြီး တစ်ယောက်ပေါ်တစ်ယောက် လဲကျခဲ့ကြတယ်" ဟု ထိုဘုရားကျောင်းတွင်ရှိနေခဲ့သူ Yasir Munir က ပြောသည်။ 

"အဲဒီနောက် ပေါက်ကွဲသံလို အသံတစ်ခုကြားခဲ့ရပြီး ပြတင်းပေါက်ကနေ မီးတောက်တွေ ထွက်လာတယ်" ဟု ၎င်းကဆိုသည်။ 

Yasir Munir နှင့် သမီးဖြစ်သူတို့မှာ မြေညီထပ်တွင် ရှိနေခဲ့ကြပြီး ထွက်ပြေးနိုင်ခဲ့ကြကြောင်းလည်း သိရသည်။

ဂီဇာမြို့သည် အီဂျစ်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ကိုင်ရိုင်မြို့၏ နိုင်းမြစ်တစ်ဖက်ကမ်းတွင် တည်ရှိသည်။ 

မီးလောင်မှုအတွင်း အပြစ်မဲ့ သေဆုံးခဲ့သူများ၏ မိသားစုများအတွက် ဝမ်းနည်းကြောင်းနှင့် ၎င်းတို့သည် ဘုရားသခင်၏ ဝတ်ပြုဆုတောင်းအိမ်တော်တွင် ကွယ်လွန်ခဲ့ကြပြီး ဘုရားသခင်နှင့်အတူရှိလိမ့်မည်ဟု အီဂျစ်သမ္မတ Abdel Fattah al- Sisi  က Twitter တွင် ပြောခဲ့သည်။ 

ယခုမီးလောင်မှုကို စုံစမ်းစစ်ဆေးရန်  အဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့ကြောင်း အစိုးရရှေ့နေရုံးက ဆိုသည်။ 

လူဦးရေ (၁၀၃) သန်းရှိသည့် အီဂျစ်နိုင်ငံတွင် ကော့ပ်တစ်ခရယာန်ဘာသာဝင် အနည်းဆုံး (၁၀) သန်းရှိကြောင်း သိရသည်။

Source: Reuters, BBC

Photo: REUTERS/Mohamed Abd El Ghany