တရုတ်နိုင်ငံတွင် အပူလှိုင်းကြောင့် ကြက်မများ ဥနှုန်းကျဆင်းပြီး ကြက်ဥဈေး မြင့်တက်

တရုတ်နိုင်ငံတွင် အပူလှိုင်းကြောင့် ကြက်မများ ဥနှုန်းကျဆင်းပြီး ကြက်ဥဈေး မြင့်တက်
သြဂုတ် 18, 2022 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံအရှေ့ပိုင်းတွင် အပူချိန်များ မြင့်တက်နေမှုနှင့်အတူ ပုံမှန်ထက် ပိုမိုပူပြင်းနေသည့် နွေရာသီကာလအတွင်း ကြက်မများ ဥ ဥသည့်နှုန်းကျဆင်းသွားမှုကြောင့် ကြက်ဥဈေးနှုန်းများ မြင့်တက်နေကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။ 

တရုတ်နိုင်ငံ၏ အဓိက မြို့ကြီး (၂) မြို့တွင် ယခုနှစ်အတွင်း အပူဆုံးနေ့အဖြစ် စံချိန်တင်ခဲ့ကြောင်း မိုးလေဝသဌာနက ဩဂုတ်လ (၁၅) ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

တရုတ်တွင် အပူလှိုင်းဒဏ်ကို လူသားများသာမက တိရိစ္ဆာန်များလည်း ခံစားနေကြရသည်ဟု ဆိုသည်။ 

တရုတ်အရှေ့ပိုင်း အန်းဟွေးပြည်နယ် ပြည်နယ်၏ မြို့တော် Hefei မြို့တွင် အပူဒဏ်ကြောင့် ကြက်မများ ဥနှုန်း ကျဆင်းသွားခဲ့သည်ဟု Jianghuai Morning News က ပြီးခဲသည့် သီတင်းပတ်အတွင်း သတင်းဖော်ပြသည်။ 

အချို့ ကြက်မွေးမြူရေးခြံများတွင် ကြက်မများအတွက် အအေးပေးစနစ်များ တပ်ဆင်ထားရကြောင်းလည်း ထိုသတင်းက ပြောထားသည်။

အပူလှိုင်းဒဏ်ခံရသည့် ပြည်နယ်များတွင် ကြက်ဥအထွက်နှုန်း ကျဆင်းသွားခဲ့မှုက ကြက်ဥဈေးနှုန်းကို မြင့်တက်လာစေခဲ့ကြောင်း သိရသည်။ 

Hefei မြို့တွင် ကြက်ဥဈေးနှုန်းမှာ (၃၀) ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်းနှင့် Hangzhou နှင့်  Hai'an မြို့များတွင်လည်း အလားတူ ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ပြောသည်။

Hefei မြို့တွင် (၁၄) ရက်ဆက်တိုက် အပူချိန်များ (၃၈) ဒီဂရီဆဲလ်စီးယပ်အထက် မြင့်တက်နေခဲ့ကြောင်း Hefei Evening News က ဖော်ပြခဲ့ပြီး စံချိန်တင်မှုဖြစ်သည်ဟု ဆိုသည်။ 

ပြင်းထန်သော အပူချိန်နှင့် ဆက်တိုက်ထိတွေ့နေထိုင်ရခြင်းက တိရိစ္ဆာန်များထံမှ ဥနှင့်နို့အပါအဝင် အထွက်နှုန်းများကို ကျဆင်းစေနိုင်ကြောင်း အမေရိကန် စိုက်ပျိုးရေးဌာနက ဆိုသည်။ 

တရုတ်တွင် ဖြစ်ပေါ်နေသည့် အပူလှိုင်းမှာ နှစ်ပေါင်း (၆၀) အတွင်း အဆိုးဆုံးဖြစ်သည်ဟု CNN သတင်းက ဖော်ပြသည်။

အပူလှိုင်း သက်ရောက်မှုကို မွေးမြူရေးလုပ်ငန်းများအပြင် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းတွင်လည်း တွေ့ကြုံနေရသည်။ 

တရုတ်အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် အပူလှိုင်းဖြတ်နေပြီး အပူချိန်များ အလွန်မြင့်တက်နေစဥ် ဓာတ်အားသုံးစွဲမှုများ တဟုန်ထိုးမြင့်လာမှုကြောင့် နေအိမ်များ၊ ရုံးခန်းများနှင့် ဈေးဝယ်စင်တာများကို ဩဂုတ်လ (၁၇) ရက်နေ့မှစပြီး လျှပ်စစ်ဓာတ်အားပေးမှု စတင်ကန့်သတ်လိုက်ကြောင်း သိရသည်။ 

စီချွမ်ပြည်နယ်တွင် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး စက်ရုံများအားလုံးကို (၆) ရက်ကြာ ပိတ်ထားရန် အာဏာပိုင်တွေက အမိန့်ထုတ်ညွှန်ကြားထားသည်။

ထို့အတူ ကျဲ့ကျန်း ပြည်နယ်, ကျန်းစူး ပြည်နယ် နှင့် အန်းဟွေးပြည်နယ်စသည့် ပြည်နယ်တို့တွင် နေအိမ်များ ဓာတ်အားလုံလောက်မှုရှိစေရန် စက်မှုလုပ်ငန်းသုံးအတွက် ဓာတ်အားဖြတ်တောက်မှုများ ပြုလုပ်မည်ဟု ကြေညာထားကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။ 

တရုတ်အရှေ့ပိုင်း ကျန်းရှီး ပြည်နယ်တွင်မူ အလွန်အမင်း မိုးခေါင်ခြောက်သွေ့ခဲ့ရာ လူ (၁၁,၀၀၀) မှာ သောက်ရေရရှိရန် အခက်အခဲကြုံနေကြရပြီး ကောက်ပဲသီးနှံစိုက်ခင်း ဧက (၃၄၅,၀၀၀) ကျော် ပျက်စီးခဲ့ကြောင်း အစိုးရသတင်းဌာန Xinhua က ဩဂုတ်လ (၁၆) ရက်နေ့တွင် ပြောသည်။

Source: AFP, Reuters, CNN