ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်အတွက် တာချီလိတ်မြို့ပေါ် လမ်းအချို့တွင် ပူးပေါင်းအဖွဲ့ဖြင့် လမ်းပိတ် စောင့်ကြပ်နေ

ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်အတွက် တာချီလိတ်မြို့ပေါ် လမ်းအချို့တွင် ပူးပေါင်းအဖွဲ့ဖြင့် လမ်းပိတ် စောင့်ကြပ်နေ
ဇွန် 6, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇွန်လ(၆)ရက်နေ့ (၈)နာရီကျော်က နေရာ (၂)နေရာတွင် ဗုံး(၃)လုံး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်  တာချီလိတ်ပြည်သူဆေးရုံဟောင်းရှေ့တွင် ည(၁၀)နာရီခွဲကျော်အထိ လမ်းပိတ်ပြီး စောင့်ကြပ်နေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယနေ့ ညပိုင်း၌ အထက(ဆန်ဆိုင်း)ကျောင်းအတွင်း ဗုံး(၁)လုံး၊ ရွှေမြေသာယာ(လားဟူ)ဈေးအနီးရှိ ကြီးမြတ်သောရွှေမြင်း(King Horse Fly Pub 6888)ကလပ်တွင် ဗုံး (၂)လုံး ပေါက်ကွဲမှု ဖြစ်ပွားပြီး ချက်ချင်းတွင် မြို့တွင်းလမ်းများ ပိတ်၍ စစ်ဆေးနေကြခြင်း ဖြစ်သည်။

ကြီးမြတ်သောရွှေမြင်း(King Horse Fly Pub 6888)ကလပ်အဝင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားသော်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားရာနေရာကို ယခင်လို စစ်တပ်နှင့်ရဲတို့မှ လာရောက်စစ်ဆေးခြင်းမရှိကြောင်း ကလပ်အားဆက်လက် ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း သိရသည်။

ဆေးရုံဟောင်းရှေ့တွင် ဖမ်းဆီးခြင်းမပြုလုပ်သော်လည်း လမ်းပေါ်တွင် ပိတ်ဆို့ပြီး စောင့်ကြပ်မှုများ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း နှင့် ညပိုင်းများတွင် ဆက်လက်၍ လှည့်ကင်းဆောင်ရွက်မည်ဖြစ်ကြောင်း လည်းသိရသည်။