ကျိုင်းတုံတွင် မိုးသည်းထန်ပြီး ရေကြီးနစ်မြုပ်မှု တိုးလာနေ

ကျိုင်းတုံတွင် မိုးသည်းထန်ပြီး ရေကြီးနစ်မြုပ်မှု တိုးလာနေ
သြဂုတ် 13, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၃)ရက်နေ့ နံနက်အစောပိုင်းက  မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများကြောင့် လူနေအိမ်များ၊ လမ်းပိုင်းများတွင် ရေကြီးနစ်မြုပ်မှုဖြစ်ပွားနေရာ တဖြည်းဖြည်းတိုးလာနေကြောင်း သိရသည်။

ယနေ့နံနက် ၉ နာရီကျော်အချိန်ထိ ရေကြီးမှုတိုးလာနေဆဲဖြစ်ပြီး မြို့တော်ခန်းမဘေးရှိ လမ်းတွင် ရေစတက်လာ၍ နံနက် (၉)နာရီကျော်တွင် မော်တော်ယာဉ်များ သွားလာမရတော့ကြောင်း သိရသည်။

ယင်းအပြင် ဟိုတယ်/ခရီးဝန်ထမ်းအိမ်ယာအပါအဝင် ရပ်ကွက်အချို့တွင် လူနေအိမ်များအတွင်း ရေဝင်နစ်မြုပ်မှုများဖြစ်ပွားနေပြီး လေယာဉ်ကွင်းလမ်းရှိ နမ့်လပ်ချောင်းတံတားမှာလည်း တံတားကြမ်းပြင်အခြေအထိ ရေတက်နေကြောင်း သိရသည်။

ယနေ့နံနက် အစောပိုင်းတွင် မိုးသည်းထန်ပြီး တောင်ကျရေနှင့်အတူ မြေသားများ၊ သစ်လုံးသစ်ပင်များပါ မျောပါလာပြီး ကျိုင်းတုံမြို့နယ် ယန်းခကျေးရွာတွင် ချောင်းကမ်းပါးမှ နေအိမ်တစ်လုံး မျောပါသွားရာတွင် အဆိုပါအိမ်နှင့်အတူ လူနှစ်ဦးပါသွားသည်ဟု သတင်းများထွက်နေသော်လည်း လတ်တလောအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ကျိုင်းတုံမြို့နယ်တွင် ယမန်နေ့ကလည်း နမ့်ခင်နွဲ့တောင်ကျချောင်း၏ သဲတာဘောင် ပေ (၁၀၀)ဝန်းကျင် ကျိုးပေါက်၍ ချောင်းနှင့်ဆက်စပ်နေသည့် ယန်းလောကျေးရွာအတွင်း ရေဝင်နစ်မြုပ်သွားခဲ့သော်လည်း ယနေ့နံနက်ပိုင်းတွင် နေရာအချို့တွင် ရေကျသွားခဲ့သည်ဟု သိရသည်။

#TachileikNewsAgency