မိုင်းခတ်မြို့တွင် စည်ပင်ရုံးမှ မြက်ဖြတ်စက်ခိုးခံရ၍ ခိုးသူမည်သူဖြစ်ကြောင်း သိရလို့ အမှုဖွင့်ထားသော်လည်း တစ်လကြာသည်အထိ ရဲက အရေးမယူပေး

မိုင်းခတ်မြို့တွင် စည်ပင်ရုံးမှ မြက်ဖြတ်စက်ခိုးခံရ၍ ခိုးသူမည်သူဖြစ်ကြောင်း သိရလို့ အမှုဖွင့်ထားသော်လည်း တစ်လကြာသည်အထိ ရဲက အရေးမယူပေး

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံခရိုင်အတွင်း မိုင်းခတ်မြို့ရှိ မြို့နယ်စည်ပင်သာယာရေးဌာနရုံးဝန်းမှ မြက်ဖြတ်စက် ခိုးယူခံရသဖြင့် ခိုးယူသူကို သိရှိရ၍ စုံစမ်းပြီး ရဲစခန်းတွင် အမှုဖွင့်ထားသည်မှာ တစ်လကြာသည်အထိ မြက်ဖြတ်စက်ပြန်မရသေးကြောင်း သိရသည်။

၂၀၂၁ခုနှစ် ဇူလိုင်လ(၂၆)ရက်နေ့တွင် စည်ပင်ရုံးတွင်းမှ မြက်ဖြတ်စက်ပျောက်သွား၍ ရဲစခန်းကို အကူအညီတောင်းရာ နယ်ထိန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က ဆောင်ရွက်ပေးမည်ဟု အကြောင်းပြန်သော်လည်း အကြောင်းမထူးသဖြင့် စည်ပင်ဌာနက ဝန်ထမ်းများက စုံစမ်းကြရာ ခိုးယူသွားသူနှင့် ရောင်းချပေးသူတို့ကို စုံစမ်းသိရှိခဲ့ကြသည်ဟု သိရသည်။



စည်ပင်သာယာရေးဌာနမှ ပစ္စည်းအား ခိုးယူသူ နှင့် ရောင်းချပေးသူတို့ကို စုံစမ်းပြီးဖြစ်ကြောင်း ဩဂုတ်လ (၁၈) ရက်နေ့တွင် သွားရောက် အမှုဖွင့်တိုင်ကြားထားခဲ့သော်လည်း ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၈) ရက်နေ့အထိ မြက်ဖြတ်စက်ခိုးသူကို ရဲတပ်ဖွဲ့က မဖမ်းနိုင်သေးဘဲဖြစ်နေကြောင်း သိရသည်။

အလားတူ မိုင်းခတ်မြို့ ရပ်ကွက် (၁) တွင် ဆိုင်ကယ်ခိုးခံရမှုတွင်လည်း ရပ်ကွက်က ခိုးယူသူကို ဖမ်းမိ၍ ရဲထံအပ်လိုက်သော်လည်း ဆိုင်ကယ်ပိုင်ရှင်က အမှုမဖွင့်၍ဟုဆိုကာ အရေးယူနိုင်ခြင်းမရှိဘဲ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

မိုင်းခတ်မှာက ဆိုင်ကယ်ခိုးခံရလို့ ရပ်ကွက်က ဖမ်းပြီး ရဲအပ်တာတောင် သူခိုးပြန်လွတ်လာသေးတာ။ ဒီရဲတွေနဲ့ မြို့က မလုံခြုံသလိုခံစားနေရတယ်

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းခတ်မြို့တွင် ဆိုင်ကယ်အပါအဝင် အသေးစားခိုးယူမှုများ မကြာခဏဖြစ်ပွားနေပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိမှု မရှိသလောက်ဖြစ်နေသည်ဟု သိရသည်။

#TachileikNewsAgency