ထိုင်းတော်ဝင်ရေတပ် စစ်သင်္ဘောတစ်စီး မုန်တိုင်းအတွင်း နစ်မြုပ်သွားပြီး သင်္ဘောသား (၃၁) ဦး ပျောက်ဆုံး

Photo: Royal Thai Navy
Photo: Royal Thai Navy
ထိုင်းတော်ဝင်ရေတပ် စစ်သင်္ဘောတစ်စီး မုန်တိုင်းအတွင်း နစ်မြုပ်သွားပြီး သင်္ဘောသား (၃၁) ဦး ပျောက်ဆုံး
ဒီဇင်ဘာ 20, 2022 | နိုင်ငံတကာသတင်း
By Tachileik News Agency

ထိုင်းနိုင်ငံ တော်ဝင်ရေတပ်မှ စစ်သင်္ဘောတစ်စီး ထိုင်းပင်လယ်ကွေ့တွင် မုန်တိုင်းထန်နေစဥ် ဒီဇင်ဘာလ (၁၈) ရက်နေ့ ညဥ့်နက်ပိုင်းက နစ်မြုပ်သွားခဲ့ရာ ရေတပ်သင်္ဘောသား (၃၁) ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးရေတပ်သင်္ဘောသားများအားဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း ဒီဇင်ဘာလ (၁၉) ရက်နေ့ ညပိုင်းအထိ သတင်းများအရ သိရသည်။ 

ပျောက်ဆုံးနေသူများအနက်မှ (၁၀) ဦးကို ပြန်ရှာတွေ့ခဲ့ကြောင်းနှင့် တစ်ဦးသေဆုံးကြောင်း သတင်းဌာနများက ဖော်ပြမှုကို ထိုင်းရေတပ်က ငြင်းဆိုထားသည်။

နစ်မြုပ်သွားသည့် ထိုင်းတော်ဝင်ရေတပ်မှ HTMS Sukhothai စစ်သင်္ဘောပေါ်တွင် တပ်ဖွဲ့ဝင် (၁၀၆) ဦး လိုက်ပါသွားခဲ့ပြီး အများစုကို ကယ်ဆယ်နိုင်ခဲ့သော်လည်း (၃၁) ဦး ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

ပင်လယ်ပြင်တွင် မုန်တိုင်းထန်နေစဥ်အတွင်း သင်္ဘောတစ်စီးထက်မက နစ်မြုပ်ခဲ့ပုံရသည်ဟု ဘန်ကောက်ပို့စ်သတင်းအရ သိရပြီး ပျောက်ဆုံးသင်္ဘောအားလုံးမှာ အသက်ကယ်အင်္ကျီများ ဝတ်ဆင်ထားသည်ဟု ယူဆထားကြသည်။

ထိုင်းရေတပ် ကင်းလှည့်သင်္ဘောက ရှာဖွေတွေ့ခဲ့သည့် အသက်ရှင်သူများမှာ ကုန်တင်သင်္ဘောတစ်စီးမှ အမှုထမ်းများဖြစ်ကြောင်း Bangkok Post က ဖော်ပြထားသည်။ 

Prachuap Khiri Khan မြို့ ကမ်းလွန် ပင်လယ်ပြင်တွင် မုန်တိုင်းထန်နေစဥ် နစ်မြုပ်ခဲ့သည့် HTMS Sukhothai မှာ frigate ထက် အရွယ်အစားသေးငယ်သည့် corvette စစ်သင်္ဘောအမျိုးအစားဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ပင်လယ်ရေကြောင်းဥပဒေစိုးမိုးရေးဌာနချုပ်က ဒီဇင်ဘာလ (၁၉) ရက်နေ့ မွန်းလွဲ (၁၂) နာရီ (၄၀) မိနစ်တွင် သတင်းထုတ်ပြန်ချက်ခဲ့ခြင်းဖြစ်ပြီး ပျောက်ဆုံးနေသည့် သင်္ဘောသား (၁၀) ဦးကို ပြန်ရှာတွေ့ခဲ့ကြောင်းနှင့် ကင်းလှည့်သင်္ဘော Pattaravarin 88 က ကယ်ဆယ်ခဲ့ပြီး တစ်ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ 

အဆိုပါသင်္ဘောသားများမှာ HTMS Sukhothai စစ်သင်္ဘောမှဖြစ်ကြောင်း သတင်းများက ဖော်ပြကြသော်လည်း ထိုသတင်းများကို ထိုင်းရေတပ်က ငြင်းဆိုခဲ့သည်။

စစ်သင်္ဘောမှ ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေကြောင်း သိရပြီး ပင်လယ်ပြင်တွင် မုန်တိုင်းထန်နေစဥ် နစ်မြုပ်ခဲ့သည့် အခြား သင်္ဘောများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မသိရသေးဟု ဆိုသည်။ 

သတင်းတစ်ရပ်ကမူ Anuphum ကုန်တင်သင်္ဘောလည်း နစ်မြုပ်သွားခဲ့ကြောင်း ဖော်ပြထားသည်။ 

ထိုင်းတော်ဝင်ရေတပ်မှ HTMS Sukhothai စစ်သင်္ဘောမှာ Prachuap Khiri Khan မြို့ ကမ်းလွန် ပင်လယ်ပြင်တွင် ဒီဇင်ဘာလ (၁၈) ရက် ည (၁၁) နာရီခွဲခန့်က နစ်မြုပ်ခဲ့ကြောင်း ရေတပ်ပြောခွင့်ရပုဂ္ဂိုလ် Adm Pokkrong Monthatpalin က ပြောသည်။

အရှည် (၂၅၂) ပေရှိသည့် HTMS Sukhothai စစ်သင်္ဘောကို အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် Tacoma မြို့ရှိ Tacoma Boatbuilding Company က တည်ဆောက်ခဲ့ပြီး ၁၉၈၇ ခုနှစ် ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့တွင် ထိုင်းတော်ဝင်ရေတပ်သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါစစ်သင်္ဘောကို ထိုင်းရေတပ်တွင် ယခုအချိန်အထိ (၃၆) နှစ်နီးပါးကြာ အသုံးပြုခဲ့သည်။ 

HTMS Sukhothai စစ်သင်္ဘောတွင် လေကြောင်းကာကွယ်ရေးစနစ်၊ ပင်လယ်ပြင်တိုက်ခိုက်ရေးနှင့် ရေငုပ်သင်္ဘောဖျက် လက်နက်စနစ်များ တပ်ဆင်ထားသည်။

Bangkok Post ၏ ဒီဇင်ဘာလ (၁၉) ရက် ညပိုင်း နောက်ဆုံးသတင်းအရ ကယ်ဆယ်ခဲ့သည့် ရေတပ်အရာရှိ (၁၁) ဦးကို Prachuap Khiri Khan မြို့ Bang Saphan ခရိုင်ရှိ Bang Saphan ဆေးရုံတွင် ကုသပေးနေကြောင်းနှင့် အခြား (၆၁) ဦးမှာ Bang Saphan ခရိုင်ရှိ Mae Ramphueng အုပ်ချုပ်ရေးအဖွဲ့၏ ယာယီစခန်းတွင် ကျန်းမာရေးအခြေအနေ ပုံမှန်ပြန်ကောင်းလျက်ရှိနေကြောင်း ရေတပ်ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြောင်း သိရသည်။

နောက်ထပ် ရေတပ်အရာရှိ (၂) ဦးကိုမူ Straits Energy ရေနံတင်သင်္ဘောက ကယ်ဆယ်ခဲ့ပြီး Rayong မြို့ရှိ Map Taphut ရေနက်ဆိပ်ကမ်းသို့ ပို့ဆောင်သွားမည်ဟု ဆိုသည်။ 

ထိုင်းရေတပ်၏ ပြောကြားမှုအရ Mae Ramphueng အုပ်ချုပ်ရေးအဖွဲ့ ယာယီစခန်းတွင်ရှိသူ (၆၁) ဦးအနက်မှ (၅၄) ဦးမှာ Rayong မြို့ Sattahip ခရိုင်ရှိ ၎င်းတို့၏ ရေတပ်အခြေစိုက်စခန်းသို့ ဒီဇင်ဘာလ (၁၉) ရက် မွန်းလွဲပိုင်းတွင် ပြန်သွားကြကြောင်း သိရသည်။

Source: Bangkok Post, CNN