ကျိုင်းတုံ နှင့် တာချီလိတ်အကြား နာရီပေါင်း (၃၀)ကျော်အတွင်း ငလျင်အကြိမ်ပေါင်း (၁၃၅)ကြိမ် လှုပ်ခတ်သွားခဲ့

ကျိုင်းတုံ နှင့် တာချီလိတ်အကြား နာရီပေါင်း (၃၀)ကျော်အတွင်း ငလျင်အကြိမ်ပေါင်း (၁၃၅)ကြိမ် လှုပ်ခတ်သွားခဲ့
ဇူလိုင် 23, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ ကျိုင်းတုံ နှင့် တာချီလိတ်အကြားတွင် ဇူလိုင်လ(၂၃)ရက်နေ့ နံနက် (၅)နာရီအချိန်အထိ နာရီပေါင်း (၃၀)နာရီကျော်အတွင်း သိသာစေသည့် အင်အားကြီး ငလျင် (၄)ကြိမ် အပါအဝင် စုစုပေါင်း (၁၃၅)ကြိမ် လှုပ်ခတ်သွားခဲ့ကြောင်း ထိုင်းနိုင်ငံ မိုးလေဝသဌာန၊ ငလျင်စောင့်ကြည့်ရေးဌာနခွဲ(  Thailand Earthquake Report Earthquake Observation Division -  TMD)က ထုတ်ပြန်ထားရှိသည်။

ကျိုင်းတုံ နှင့် တာချီလိတ်အကြားတွင် ဇူလိုင်လ(၂၁)ရက်နေ့ ည(၁၀)နာရီ (၃၄)မိနစ် (၂၈)စက္ကန့်အချိန်က စတင်ပြီး ၂၀၂၂ခုနှစ် ဇူလိုင်လ(၂၃)ရက်နေ့ နံနက်(၅)နာရီ (၄)မိနစ် (၈)စက္ကန့်အချိန်အထိ ငလျင်ပေါင်း (၁၃၅)ကြိမ် လှုပ်ခတ်သွားရာ လှုပ်ခတ်ခဲ့သည့် ငလျင်များတွင် သိသာစေသည့် ပြင်းအားငလျင် (၄)ကြိမ် နှင့်  ရစ်ချ်စတာ စကေး (၁.၉)အဆင့်ကနေ (၃.၈)အဆင့်အထိ အသေးစားငလျင် အကြိမ်ပေါင်း (၁၃၁)ကြိမ် လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

လှုပ်ခတ်ခဲ့သည့် ငလျင်အကြိမ်ပေါင်း (၁၃၅)ကြိမ်ထဲက ဇူလိုင်လ (၂၁)ရက်နေ့ ည(၁၁)နာရီ (၃၇)မိနစ် (၂၄)စက္ကန့် အချိန်က လှုပ်ခတ်သည့်   ရစ်ချ်စတာ စကေး(၆.၄)အဆင့်ရှိ ပြင်းအားငလျင်ကြောင့် ကျိုင်းတုံမြို့အတွင်းမှ  နမ့်လုံနမ်နီအုပ်စုရှိ ကဲရွှေ လားဟူနှစ်ခြင်းအသင်းတော် ဘုရားရှိခိုးကျောင်း နှင့်  နမ့်လုံနမ့်နီအုပ်စုရှိ စာသင်ကျောင်းတို့ ပျက်စီးခဲ့သလို ရပ်ကွက်(၂)၊ အထက(၄)ကျောင်းဝင်းအတွင်းရှိ နေအိမ်၏ မြေအုတ်နံရံ ပြိုကျမှု၊ ယန်းခရွာရှိ  လူနေအိမ် (၂)လုံး၏ အုတ်ဘလောက် နံရံများ ပြိုကျမှု၊ ဆွတ်ရွဲရွာရှိ လူနေအိမ် (၁)လုံး၏ အုတ်ဘလောက်နံရံများပြိုကျမှုနှင့် နောင်လျဲန့်တွင်လည်း နေအိမ်အချို့ နံရံအက်ကြောင်းရာဖြစ်ပေါ်မှုများ ဖြစ်ပေါ်ခဲ့သည်။



အလားတူ တာချီလိတ် - မိုင်းဖြတ် - ကျိုင်းတုံ လမ်းမကြီးပေါ်  မိုင်းဖြတ်မြို့နယ်အတွင်း တာကျောက်ရွာအနီး တောင်ပြိုကာ ကျောက်တုံး ကျောက်ခဲများ လမ်းပေါ် ကျပြီး လမ်းတခြမ်းနီးပါး ပိတ်မှုလည်း ဖြစ်ပွားခဲ့သေးသည်။



ငလျင်လှုပ်ခတ်မှုများကြောင့် အချို့အိမ်များမှာ တုန်ခါသွားသည်အထိ ဖြစ်သွားပြီး ငလျင်ကြောင့် မူးသည့် ဝေဒနာလည်း ခံစားရသည်ဟု ဒေသခံများထံက သိရသည်။

 

#TachileikNewsAgency