မိုင်းရှူးမြို့နယ်အတွင်း မိုင်းအော့ကျေးရွာအုပ်စုတွင် SSPP ၏ တပ်သားသစ် စုဆောင်းနေမှုများကြောင့် သီးနှံမသိမ်းနိုင်ဘဲ ရှောင်ပြေးရသူ အများအပြား ရှိနေ

မိုင်းရှူးမြို့နယ်အတွင်း မိုင်းအော့ကျေးရွာအုပ်စုတွင် SSPP ၏ တပ်သားသစ် စုဆောင်းနေမှုများကြောင့် သီးနှံမသိမ်းနိုင်ဘဲ ရှောင်ပြေးရသူ အများအပြား ရှိနေ
By Tachileik News Agency

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးမြို့နယ်၊ မိုင်းအော့ကျေးရွာအုပ်စုအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)က ယခင်နှစ်များထက် လူသစ်ပို၍စုဆောင်းနေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရာ  သီးနှံများရိတ်သိမ်းချိန်ဖြစ်နေသော်လည်း ရိတ်သိမ်းနိုင်ခြင်းမရှိဖြစ်နေကြောင်း သိရသည်။

 စပါးဆိုရင် တောင်ပုံယာပုံထားခဲ့ပြီး ထွက်သွားကြတဲ့လူတွေများတယ်။ ပြန်မလာရဲကြဘူး။ လူကြီး လူအို ကလေးအမေက အစ ဖမ်းတယ်။ ဖမ်းပြီးတော့ ဘာမှတော့ မလုပ်ဘူးပေါ့နော်။ ဖမ်းသွားပြီးတော့ သူ့ရဲ့ ဆွေမျိုးတော်စပ်တဲ့အထဲက လူငယ်ရှိရင်တော့ အစားထိုး ပြန်လဲခိုင်းတာပေါ့။ အခု လူကြီးတွေကို ဖမ်းသွားတာရှိပါတယ်။ တော်တော်များများ မလွတ်သေးဘူး။ တချို့ဟာတော့ လွတ်တယ်။

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၁၁)ရက်နေ့တွင် ပြောသည်။

ရှမ်းပြည်နယ်တွင်း ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (၂) ဖွဲ့ဖြစ်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)တို့သည် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနည်းတူ မိမိတို့ ထိန်းချုပ်နယ်မြေအသီးသီးတွင် တပ်သားသစ်စုဆောင်းခြင်း၊ အခွန်အခအဖြစ်တောင်းခံခြင်းတို့ လုပ်ဆောင်လေ့ရှိပြီး SSPP/SSA က ယခုနှစ်တွင် လူအင်အားကို ယခင်နှစ်များထက် ပို၍ တောင်းခံသည်ဟု သိရသည်။



နှစ်တိုင်းတော့ လူနည်းနည်းရယ်၊ ဆန်ရယ်၊ ပိုက်ဆံရယ် ပုံမှန်ကောက်သွားတာရှိတယ်။ ဒီနှစ်တော့ ဆန်တွေ၊ ပိုက်ဆံတွေ မကောက်တော့ဘူး။  လူကိုပဲ ခေါ်သွားတာ။ ဥပမာ မနှစ်က တစ်ရွာကို (၃)ယောက် တောင်းတယ်ဆိုရင် ဒီနှစ်က တစ်ရွာကို အနည်းဆုံး (၁၀)ဦး တောင်းတာပေါ့။  လူပဲခေါ်တာ။ မိန်းကလေးလည်း ခေါ်ပါတယ်။ အိမ်သားတွေထဲမှာ မိန်းကလေး(၂)ယောက်ရှိရင် (၁)ယောက်ခေါ်တယ်။ SSPP က ဒီနှစ် RCSS နဲ့ ခဏခဏတိုက်ပွဲဖြစ်နေကြတော့ တပ်သားသစ်အတော်လိုနေပုံရတယ်။

ဟု ဒေသခံတစ်ဦးက ပြောသည်။

တပ်သားသစ်စုဆောင်းနေသည့်အဖွဲ့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ဖြစ်သည်ဟု ဒေသခံများက Tachileik News Agency သို့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၀) ရက်နေ့နှင့် နိုဝင်ဘာလ(၁၁)ရက်နေ့များတွင် ဆက်သွယ်ပြောကြားလာကြပြီး SSPP/SSA ၏ တာဝန်ရှိသူများထံ အတည်ပြုနိုင်ရန် ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေး၍ သတင်းဌာနအနေဖြင့် သီးခြားအတည် မပြုနိုင်သေးပါ။

အာဏာမသိမ်းမီက မိုင်းရှူးမြို့နယ်အတွင်း တပ်သားသစ်စုဆောင်းခြင်း၊ အခွန်အခအဖြစ် ဆက်ကြေးလာကောက်ခြင်းများကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်တားဆီးခြင်းများ လုပ်ခဲ့ဖူးသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လှုပ်ရှားမှုကို တားဆီးခြင်းမရှိဟု ဒေသခံများက ဆိုသည်။

ဗမာစစ်တပ် (အာဏာသိမ်းစစ်တပ်အား ပြည်နယ်ဒေသများက ဗမာစစ်တပ်ဟု သုံးနှုန်းသည်) ကလည်း ရှိတယ်။ ရွာမှာ နှစ်တိုင်းတော့ ကြည့်ပေးပါတယ်။ ဒီနှစ်တော့ ဒီတိုင်းပဲ လွှတ်ထားတယ်။ ဒီမှာ လှုပ်ရှားနေတဲ့ SSPP တပ်က အမှတ်(၇၀၂)    ဝမ်ကျောင်းအခြေစိုက်စခန်းကပါ။ အကြီးအကဲကတော့ စဝ်စန်ခေး လို့ ခေါ်တယ်။

ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဆိုသည်။

SSPP/SSA  ရှိနေသည့် မိုင်းရှုးမြို့နယ်အပြင် RCSS/SSA ရှိနေသည့် ကျိုင်းတောင်းမြို့နယ်ခွဲတို့တွင်လည်း ယခုရက်ပိုင်းများအတွင်း နေအိမ်များအထိ လူသစ်စုဆောင်းမှုများလုပ်နေသည်ဟု ဒေသခံများထံမှ သတင်းများသိရသော်လည်း အဖွဲ့အစည်း (၂) ခုလုံးဖက်မှ အတည်ပြုချက်ရရှိထားခြင်းမရှိသေး၍ မည်သည့်ဒေသတွင် မည်သည့်အဖွဲ့က လူသစ်စုဆောင်းနေသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

ရှမ်းလက်နက်ကိုင် အချင်းချင်း တိုက်ပွဲအကြားကနေ ကျွန်တော်တို့ ပြည်သူတွေလည်း မြေဇာပင်တွေ ထပ်မဖြစ်ချင်တော့ပါဘူး။ ပြီးတော့ ခုချိန်က ကောက်ပဲသီးနှံ ရိတ်သိမ်းချိန်မို့လို့  တပ်သားသစ်တွေ မတရားအလွန် စုဆောင်း ဖမ်းဆီးတာတွေ မလုပ်ဖို့ တောင်းပန်ချင်ပါတယ် ကျွန်တော်တို့လည်း အိမ်ပြန်ချင်လာပြီ

ဟု မိုင်းရှုးဒေသခံတစ်ဦးက ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ၌ RCSS/SSA နှင့် SSPP/SSA၊ TNLA တို့ကြား တိုက်ပွဲများတွင် SSPP/SSA၊ TNLA သည် အာဏာသိမ်းစစ်တပ်၏ အကူအညီကိုရနေသည်ဟု RCSS/SSA ကို ထောက်ခံသူအချို့ကစွပ်စွဲမှုများတွေ့ရသလို RCSS/SSA သည် အာဏာသိမ်းစစ်တပ်နှင့် "ဝ"တပ် UWSA ၏ အကူအညီကို ရနေသည်ဟု SSPP/SSA ကို ထောက်ခံသူများက ပြန်လှန်စွပ်စွဲမှုများလည်း ရှိနေသေည်ကို တွေ့ရသည်။

စစ်တပ်က အာဏာသိမ်းထားသည့် ကာလအတွင်း ရှမ်းပြည်နယ်တစ်ခုလုံးတွင် မြောက်ပိုင်းဒေသ၌ ရှမ်းတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ (၂)ဖွဲ့နှင့် တအာင်းတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကြား တိုက်ပွဲများနှင့် MNDAA ကို အာဏာသိမ်းတပ်က ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများရှိနေပြီး အင်အားကောင်းအဖွဲ့တစ်ခုဖြစ်သည့် UWSA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ငြိမ်သက်နေကြကာ ရှမ်းပြည်တောင်ပိုင်းရှိ PNO အဖွဲ့ကမူ အာဏာသိမ်းစစ်တပ်၏ ကယား(ကရင်နီ)ပြည်နယ်တွင်း တိုက်ခိုက်မှုများတွင် ကူညီမှုများရှိသည်ဟု စွပ်စွဲခံနေရခြင်းဖြစ်သည်။

ရှမ်းပြည်နယ်တစ်ခုလုံးတွင် နိုင်ငံတွင်း အခြားဒေသများနည်းတူ အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား အာဏာသိမ်းအဖွဲ့က အကြမ်းဖက်ဖမ်းဆီးနှိမ်နှင်းမှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်နေကာ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူ့တော်လှန်ရေးအင်အားစုအနည်းငယ်၏ လှုပ်ရှားမှုအချို့လည်း ရှိနေသည်။

ဆက်စပ်သတင်း