တာချီလိတ်မြို့တွင် Covid-19 ကူးစက်မှုများ ဆက်လက် တွေ့ရှိနေဆဲ 

တာချီလိတ်မြို့တွင် Covid-19 ကူးစက်မှုများ ဆက်လက် တွေ့ရှိနေဆဲ 
အောက်တိုဘာ 28, 2021 | Covid-19| ရှမ်းရှေ့

Covid-19 ကူးစက်မှုအခြေအနေများကို သက်ဆိုင်ရာက စာရင်းအမှန် ထုတ်ပြန်လေ့မရှိသည့် တာချီလိတ်မြို့တွင် Covid-19 ကူးစက်မှုမှာ ဆက်လက်ရှိနေဆဲဖြစ်ပြီး အများစုမှာ မိမိအစီအစဉ်ဖြင့် စစ်ဆေး၍ ပိုးတွေ့ရှိရသူများဖြစ်ပြီး ဆေးဝါးကုသရန်လိုအပ်ပါက မိမိအစီအစဉ်ဖြင့်သာ နေအိမ်တွင် ကုသနေသူ များပြားကြောင်း သိရသည်။

အခုတလော တာချီလိတ်မှာ ကိုဗစ်တွေ တအားပြန်ဖြစ်နေတယ်။ တတ်နိုင်တဲ့သူတွေက ဆရာဝန်ခေါ်ပြီး ကုတယ်။ အဆင်မပြေသူတွေတော့ ဆေးမြီးတိုနဲ့ ကြိတ်ကုနေကြတာ။  အိမ်နားမှာ အဖြစ်များနေတယ်။ ဘုရားကျောင်းက ကလေးမလေးလည်း သေသွားတယ်လေ။

ဟု မယ်ခေါင်ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၂၈)ရက်နေ့တွင် ပြောသည်။

တာချီလိတ်တွင် နေထိုင်သူအများစုမှာ Covid-19 စောင့်ကြည့် စင်တာများတွင် နေထိုင်ရသည့် အခက်အခဲကြောင့် ဆေးရုံဟောင်းတွင် သွားမစစ်တော့ဘဲ မိမိအစီအစဉ်ဖြင့်သာ စစ်ဆေးနေသူ များပြားကြောင်း သိရသည်။

ဆေးရုံဟောင်းမှာတော့ အခုနောက်ပိုင်း သွားစစ်တဲ့လူ အတော်နည်းသွားပြီ။ သွားစစ်ရင် Q စင်တာမှာနေရတဲ့ ဒုက္ခက မသေးဘူးလေ။ အမြင်မှာတော့ အေးဆေးဆိုပေမဲ့ တကယ်နေရသူတွေအတွက်က အဆင်မပြေဘူး။ အဲ့တော့ မသင်္ကာရင် ကိုယ့်ဘာသာပဲ ဝယ်ပြီး စစ်လိုက်ကြတာ။ တာချီလိတ်မှာ ကိုဗစ် ကျသွားပြီဆိုတာက လာစစ်တဲ့လူ နည်းသွားလို့ ကျသွားတာပေါ့။ နေအိမ်တွေမှာ ဖြစ်နေကြတာတော့ အထက်က လူကြီးတွေက မသိနိုင်ဘဲ။ တစ်ချို့လည်း အိမ်မှာ သီးသန့်နေသလို၊ တစ်ချို့လည်း ပတ်သွားနေကြတာရှိတယ်။ တာချီလိတ်မှာတော့  ကိုဗစ်ဖြစ်တာ နေမကောင်းသလိုလည်းရှိသလို ဘာလက္ခဏာမှ မပြတဲ့လူလည်းရှိပါတယ်

ဟု ဝမ်ကောင်းရပ်ကွက်တွင်းနေသူ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် (၂၄)နာရီ အိပ်ပြီး ဆေးကုသမှုခံယူလို့ရသည့် ပုဂ္ဂလိဆေးရုံ (၄)ခု နှင့် အချိန်ပိုင်းဖွင့်လှစ်သည့် ဆေးခန်းများ အပါအဝင် (၄၀)ကျော်ရှိရာ မိမိအစီအစဉ်ဖြင့် စစ်ဆေးပြီး ပိုးတွေ့သူများက ဆေးဝါးကုသရန်အတွက် ဆရာဝန်များခေါ်၍ ကုသနေရသည့်အတွက် ကူးစက်မှုမြှင့်တက်နေမှုကို ပုဂ္ဂလိကဆေးရုံနှင့်ဆေးခန်းများက ပိုသိနိုင်ကြောင်း သိရသည်။

ကျွန်မတို့ ဒေသမှာလည်း သိတဲ့အတိုင်းပဲ ကိုဗစ်ကာကွယ်ရေးနဲ့ ပတ်သက်ရင် သက်ဆိုင်ရာကလည်း တကယ်တမ်းဖြစ်လာရင် ဘာမှ မလုပ်ပေးနိုင်ဘူး။ နောက်ပြီး ကူးစက်မှု နည်းအောင် ကိုယ့်ဘာသာ လိုက်နာသူကလည်း နည်းတယ်လေ။ ဖြစ်လာရင် ရောဂါလက္ခဏာ မပြရင်  ကိစ္စမရှိဘူး။ နေမကောင်းတဲ့အထိ ဖြစ်ရင် ဆရာဝန်ကို ခေါ်ကုရတာက တခါကုရင် အနည်းဆုံး ဘတ်(၂၅၀၀)အထက်ပဲ တတ်နိုင်သူကတော့ အဆင်ပြေတယ်။ မတတ်နိုင်သူကတော့ ဒီလိုပဲ ဖြတ်သန်းရတာပဲ။ တာချီလိတ်မှာ ကူးစက်မှု ဘယ်လောက်များနေလဲဆိုတာကို ဌာနက လူတွေ မသိနိုင်ပေမဲ့ ပုဂ္ဂလိက ဆေးရုံတွေနဲ့ ဆေးခန်းတွေက ပိုပြီး အသိဆုံးပါ။ အဲ့တော့ ကိုယ့်ဘာသာပဲ ဂရုစိုက်မှ ရမှာ

ဟု မကာဟိုခမ်းရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံကြောင့် သေဆုံးသွားသူများ၏ စာရင်းများကို အတည်ပြုရာတွင် ဆေးရုံတွင် သေဆုံးသူ၏ အရေအတွက်ကိုသာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် ကျန်းမာရေးဌာနက အတည်ပြုပြီး  နေအိမ်တွင် Covid-19 ကူးစက်ခံထားရ၍ ဆေးရုံတွင် မကုသလိုသည့် လူနာများထဲက   သေဆုံးသွားသူများကို လူမှုကူညီရေးအသင်းများက Covid-19 စစ်ပေးနိုင်ခြင်း မရှိသလို သက်ဆိုင်ရာက စစ်ဆေးခွင့်လည်းမပေးထားသည့်အတွက် သေဆုံးလူနာများကို ၉၆ပါး ရောဂါဖြင့် သေဆုံးသည်ဟုသာ သတ်မှတ်ရကြောင်း လူမှုကူညီရေးအသင်းများထံက သိရသည်။

တာချီလိတ်မြို့တွင် ဒေသအုပ်ချုပ်ရေးဆိုင်ရာများ နှင့် ကျန်းမာရေးဌာနတို့သည် Covid-19 ပတ်သက်၍ ထိန်းချုပ်ရေးလုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်ခြင်းမရှိသလို ၎င်းတို့ ကိုယ်တိုင်က Covid-19 စည်းကမ်းချက်များကို ဖောက်ဖျက်နေသလို ဒေသန္တရအမိန့်ကိုလည်း ၎င်းတို့ ကိုယ်တိုင်က ချိုးဖောက်နေသည်များကိုလည်း တွေ့ရှိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း မြို့ကြီး (၂)မြို့ဖြစ်သည့် ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်ခံရမှုများကို နေ့စဉ် ကြပ်ကြပ်မတ်မတ် စစ်ဆေးပေးနိုင်သော်လည်း တာချီလိတ်မြို့တွင် Covid-19 စစ်ဆေးပေးခြင်းနှင့် ပတ်သက်၍  ကြပ်ကြပ်မတ်မတ် လုပ်ဆောင်နိုင်ခြင်း မရှိသည်ကို တွေ့ရသည်။