ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်၏ ရာထူးအာဏာတည်မြဲရေး မရေမရာ ဖြစ်လာ

Photo: Reuters/John Sibley
Photo: Reuters/John Sibley
ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်၏ ရာထူးအာဏာတည်မြဲရေး မရေမရာ ဖြစ်လာ
ဇူလိုင် 7, 2022 | နိုင်ငံတကာသတင်း
By Mr John

ဗြိတိန်အစိုးရအဖွဲ့ဝင် ထိပ်တန်းဝန်ကြီး (၂) ဦးက ၎င်း၏ ခေါင်းဆောင်မှုကို ဝေဖန်တိုက်ခိုက်ပြီးနောက် ရာထူးမှ နုတ်ထွက်သွားခဲ့ရာ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်မှာ နိုင်ငံရေးရှင်သန်မှုနှင့် ရာထူးအာဏာတည်မြဲရေး ရုန်းကန်နေရသည်။ 

နုတ်ထွက်သွားသည့် ဝန်ကြီး (၂) ဦးက ဝန်ကြီးချုပ်ဂျွန်ဆင်မှာ အုပ်ချုပ်ရန်မသင့်တော်သူဖြစ်ကြောင်း ပြောဆိုခဲ့ကြပြီး ၎င်းကို ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုကြသည့် လွှတ်တော်အမတ်အရေအတွက်ကလည်း တိုးလာနေကြောင်း သိရသည်။

ဝန်ကြီးချုပ်ဂျွန်ဆင်၏ ဘဏ္ဍာရေးဝန်ကြီး Rishi Sunak နှင့် ကျန်းမာရေးဝန်ကြီး Sajid Javid တို့က တစ်ဦးနှင့်တစ်ဦး (၁၀) မိနစ်မျှသာခြားပြီး ဇူလိုင်လ (၅) ရက်နေ့တွင် ရာထူးမှ နုတ်ထွက်သွားခဲ့ကြခြင်း ဖြစ်သည်။ 

ကပ်ရောဂါ lockdown ကာလ ပါတီပွဲကျင်းပမှု အပါအဝင် အရှုပ်တော်ပုံများက ဂျွန်ဆင်၏ အုပ်ချုပ်မှုအပေါ် ရိုက်ခတ်မှုရှိခဲ့ပြီးနောက် ၎င်းတို့အနေဖြင့် အစိုးရအဖွဲ့ဝင် ဆက်လက်ပါဝင်နိုင်ခြင်း မရှိတော့ကြောင်း နုတ်ထွက်သွားသည့် ဝန်ကြီး (၂) ဦးက ဆိုသည်။

ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုမှုများ မြင့်တက်လာနေသော်လည်း ဂျွန်ဆင်က ဝန်ကြီးချုပ်ရာထူးတွင် ဆက်ရှိနေရန် ဆုံးဖြတ်ထားကြောင်းနှင့် ပြည်သူလူထုကို ပေးထားခဲ့သည့် ၎င်း၏ ကတိကဝတ်များကို အကောင်အထည်ဖော်မည်ဟု ပြောခဲ့သည်။ 

ဝန်ကြီးချုပ်ဂျွန်ဆင်က စီးပွားရေးလုပ်ငန်းရှင်နှင့် ပညာရေးဝန်ကြီး Nadhim Nahawi ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ဝန်ကြီးချုပ်ရုံး ဝန်ထမ်းအကြီးအမှူး Steve Barclay ကို ကျန်းမာရေးဝန်ကြီးအဖြစ်လည်းကောင်း အသစ်ခန့်အပ်လိုက်သည်။

အရေးပါသည့် ထိပ်တန်းဝန်ကြီး (၂) ဦး နုတ်ထွက်သွားပြီနောက် ဝန်ကြီးချုပ်ဂျွန်ဆင်မှာ ဇူလိုင်လ (၆) ရက်နေ့တွင် လွှတ်တော်၌ မေးမြန်းမှုကို ရင်ဆိုင်ရမည်ဖြစ်သည်။ 

ထို့အပြင် အစိုးရ၏ မူဝါဒနှင့် ဆုံးဖြတ်ချက်များကို စစ်ဆေးသည့် လွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားသော Liaison Committee ကလည်း ဝန်ကြီးချုပ်ဂျွန်ဆင်ကို (၂) နာရီကြာ စစ်ဆေးမေးမြန်းမှု လုပ်ဆောင်မည်ဟု သိရသည်။

အသက် (၅၈) နှစ်အရွယ် ဂျာနယ်လစ်ဟောင်းနှင့် လန်ဒန်မြို့တော်ဝန်ဟောင်း ဂျွန်ဆင်မှာ ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာရေး လှုပ်ရှားဆောင်ရွက်မှုတွင် ထင်ရှားလာခဲ့သူဖြစ်ပြီး ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲ၌ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။ 

ဝန်ကြီးချုပ်ဂျွန်ဆင်၏ ဦးဆောင်မှုမှာ ပြီးခဲ့သည့် လအနည်းငယ်အတွင်း အရှုပ်တော်ပုံများနှင့် လွဲမှားမှုများကြား နစ်နေခဲ့သည်။ 

ဂျွန်ဆင်မှာ COVID-19 ကပ်ရောဂါကာလ lockdown စည်းမျဥ်းချိုးဖောက်ပြီး ပါတီပွဲကျင်းပမှုဖြင့် ဒဏ်ရိုက်ခံခဲ့ပြီး ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်ရုံးတွင် အစိုးရအရာရှိများက ၎င်းတို့ကိုယ်တိုင် ချမှတ်ထားသည့် ကပ်ရောဂါစည်းမျဥ်းများကို ချိုးဖောက်ခဲ့သည့် အပြုအမူအပေါ် ရှုတ်ချထားသော အစီရင်ခံစာလည်း ထွက်ပေါ်ခဲ့သည်။

ယခု ဝန်ကြီးရာထူးများမှ နုတ်ထွက်သွားပြီးနောက် Rishi Sunak နှင့် Sajid Javid တို့က လူသိရှင်ကြား ပြောဆိုမှုများ မရှိသေးသော်လည်း ၎င်းတို့၏ နုတ်ထွက်စာထဲတွင် ဝန်ကြီးချုပ်ဂျွန်ဆင်ကို ပြင်းထန်စွာ ဝေဖန်ထားသည်ဟု ဆိုသည်။ 

အတိုက်အခံပါတီခေါင်းဆောင်က အစိုးရအဖွဲ့ဝင် ဝန်ကြီးများလည်း Rishi Sunak နှင့် Sajid Javid တို့ကဲ့သို့ နုတ်ထွက်ကြရန် တိုက်တွန်းခဲ့ပြီး လေဘာပါတီခေါင်းဆောင် Sir Keir Starmer က ၎င်းအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲအတွက် အသင့်ရှိကြောင်း ပြောခဲ့သည်။ 

Rishi Sunak နှင့် Sajid Javid တို့ နုတ်ထွက်သွားခဲ့ပြီးနောက် အနည်းဆုံး ဝန်ကြီးအဆင့် (၃၈) ဦးနှင့် လက်ထောက်များ အစိုးရအဖွဲ့မှ နုတ်ထွက်ခဲ့ကြသည်။ 

ဗြိတိန်အစိုးရအဖွဲ့၏ အကြီးတန်း ဝန်ကြီးများဖြစ်ကြသည့် Michael Gove နှင့် Kwasi Kwarteng တို့ကလည်း ဂျွန်ဆင်ကို ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရန် ပြောခဲ့သည်ဟု ဆိုသည်။ 

ထို့အတူ ပြည်ထဲရေးဝန်ကြီး Priti Patel ကလည်း ဝန်ကြီးချုပ်ဂျွန်ဆင်ကို ရာထူးမှ နုတ်ထွက်ရန် ပြောခဲ့ကြောင်း သိရသည်။ 

နောက်ဆုံးသိရှိရသော သတင်းများအရ အမှတ် (၁၀)၊ ဒေါင်းနင်းလမ်းတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အုပ်စု (၂) ခု ရောက်ရှိနေခဲ့ကြပြီး တစ်အုပ်စုက ဂျွန်ဆင်ကို ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရန် ပြောနေကြပြီး နောက်တစ်အုပ်စုက ၎င်းကို ထောက်ခံကြောင်းပြသနေကြသည်ဟု ဆိုသည်။

Source: BBC, Reuters, AFP