တာချီလိတ်တွင် လမ်းဘေးနှင့် လမ်းကြားများ၌ တစ်ပိုင်တစ်နိုင် ဓါတ်ဆီ ရောင်းချမှုများကို အရေးယူတော့မည်

တာချီလိတ်တွင် လမ်းဘေးနှင့် လမ်းကြားများ၌ တစ်ပိုင်တစ်နိုင် ဓါတ်ဆီ ရောင်းချမှုများကို အရေးယူတော့မည်
ဖေဖော်ဝါရီ 28, 2020
By Tachileik News Agency

တာချီလိတ်တွင်  လမ်းဘေးနှင့်လမ်းကြားများ၌ တစ်ပိုင်တစ်နိုင် ဓါတ်ဆီ ရောင်းချမှုများကို အရေးယူတော့မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စက်သုံးဆီများကို လမ်းဘေးတွင် ဘူးငယ်များဖြင့် ထည့်သွင်းရောင်းချနေသည့် တစ်ပိုင်တစ်နိုင် စက်သုံးဆီ ရောင်းချခြင်းများကို စစ်ဆေး အရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ လုံးဝခွင့်ပြုထားတာ မဟုတ်ဘူး။ စည်ပင်ကလည်း လိုင်စင်ပေးထားတာ မရှိဘူး။ ရှင်းရှင်းပြောရရင် တစ်နိုင်တစ်ပိုင်ဆိုပြီး သူတို့ရောင်းနေတာ။ တရားမဝင်လို့ သတ်မှတ်လို့ရတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးလည်း ပြောပြီးပြီ။ ကျွန်တော်တို့ ကွင်းဆင်းစစ်ဆေးမယ်။ တွေ့ရင်အရေးယူမယ်။ သူစာထုတ်ပေးမယ်။ ကျွန်တော်တို့စစ်ဆေးရေးကော်မတီရှိတယ်။ အဲဒီကော်မတီနဲ့စစ်ဆေးပြီး ပပျောက်သွားအောင်တော့ လုပ်ဖို့ရှိပါတယ်

ဟု  မြန့်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း(ကျိုင်းတုံ)မှ ပြည်နယ်ရောင်းဝယ်ရေးအရာရှိ ဦးစိုင်းရီစံခတ်မှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင်း လမ်းမများဘေးရှိ ကုန်စုံဆိုင်များ၊ ကွမ်းယာဆိုင်များတွင် ဘူးငယ်များဖြင့် စက်သုံးဆီရောင်းချနေမှုများ အများအပြားရှိနေခြင်းမှာ မီးဘေးအန္တရာယ်စိုးရိမ်ရသဖြင့် ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

တော်တော်တော့ ခက်ခဲမယ်။ ထွက်လာတဲ့ဥပဒေတွေကို ကျွန်တော်တို့ပြည်သူတွေ အကုန်မဖတ်နိုင်ဘူး။ သိလည်းမသိကြဘူး။ အဲဒါကတစ်ပိုင်း။ အသေးစားတွေလုပ်တာကို စည်းကမ်းတကျနဲ့ ထိန်းကျောင်းတာ၊ အရေးယူတာ လုပ်တာကလည်း အားနည်းတာပေါ့။ စီမံခန့်ခွဲမှုအားလည်း နည်းတာပေါ့။ ပညာပေးကဏ္ဍတွေ များများလုပ်ရမှာပေါ့။ ပညာပေးကဏ္ဍလုပ်ပြီးရင် အရေးယူဆောင်ရွက်တဲ့အပိုင်း လုပ်ရမှာ

ဟု ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နေအိမ်သုံး၊ လုပ်ငန်းသုံးအတွက် ဆီသိုလှောင်ထားရှိသူများအနေဖြင့်  (၆)ဂါလံအထိသာ ခွင့်ပြုထားပြီး ယင်းပမာဏထက် ကျော်လွန်ပါက မြန့်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းထံ လိုင်စင်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~