ရုရှားဘက်က ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ယူကရိန်း ပြည်သူ အနည်းဆုံး (၂၀) ဦး သေဆုံး

Photo: UKRAINE'S DSNS EMERGENCY SERVICE
Photo: UKRAINE'S DSNS EMERGENCY SERVICE
ရုရှားဘက်က ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ယူကရိန်း ပြည်သူ အနည်းဆုံး (၂၀) ဦး သေဆုံး
ဇူလိုင် 2, 2022 | နိုင်ငံတကာသတင်း
By Mr John

 ရုရှားက ယူကရိန်းတောင်ပိုင်း Odesa မြို့ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး (၂) ဦးအပါအဝင် အနည်းဆုံး လူ (၂၀) ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းအစိုးရအရာရှိများက ပြောသည်။ 

ဒေသစံတော်ချိန် ဇူလိုင်လ (၁) ရက် နံနက် (၁) နာရီဝန်းကျင်က Odesa မြို့ Serhiyivka လူနေဒေသရှိ (၉) ထပ်တိုက်ခန်း အဆောက်အအုံတစ်ခုနှင့် အပန်းဖြေစင်တာတစ်ခုကို ဒုံးကျည်ထိမှန်ခဲ့ကြောင်း CNN သတင်းက ဖော်ပြသည်။

ရုရှားက ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ယူကရိန်းရှိ အရပ်သားနေရာများကို ဒုံးကျည်အစင်းရေ ဒါဇင်နှင့်ချီ ပစ်ခတ်တိုက်ခိုက်နေခဲ့သည်ဟု ယူကရိန်းဘက်က ပြောကြားထားသော်လည်း ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်ကမူ ရုရှားက အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းမရှိကြောင်း ထပ်မံ ငြင်းဆိုခဲ့သည်။ 

ယူကရိန်း အရေးပေါ်ကယ်ဆယ်ရေးဌာန DSNS က ထုတ်ပြန်ခဲ့သည့် မှတ်တမ်းအရ မီးသတ်သမားများက ဒုံးကျည်ထိမှန်ခဲ့သည့် (၉) ထပ် အဆောက်အအုံ အပျက်အစီးများအတွင်း အသက်ရှင်ကျန်သူများကို ရှာဖွေနေကြောင်း တွေ့ရသည်။

DSNS ၏ ထုတ်ပြန်ချက်အရ ရုရှားက ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအတွင်း ကလေး (၆) ဦး အပါအဝင် လူ (၃၈) ဦး ဒဏ်ရာရခဲ့ကြောင်းလည်း သိရသည်။ 

ဒုံးကျည်ထိမှန်ခဲ့သည့် အဆောက်အအုံ၏ အပြင်ဘက်နံရံ ပျက်စီးသွားခဲ့ကြောင်းနှင့် တိုက်ခိုက်ခံရပြီးနောက် အနီးအနားရှိ ဈေးဆိုင်တစ်ဆိုင် မီးလောင်ခဲ့ကြောင်း DSNS ပြောခွင့်ရအမျိုးသမီး Maryna Martynenko က ယူကရိန်းရုပ်မြင်သံကြားသတင်းဌာနကို ပြောသည်။ 

ဒုံးကျည်ထိမှန်ခဲ့သည့် အဆောက်အအုံတွင် လူ (၁၅၀) အထိ နေထိုင်ကြကြောင်း ယူဆရသည်။

ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့သူများအနက် အသက် (၁၂) နှစ်အရွယ် ကလေးတစ်ဦး ပါဝင်ခဲ့ကြောင်းနှင့် ကလေး (၂) ဦး အပါအဝင် လူ (၃) ဦးမှာ အပျက်အစီးများအောက်တွင် ရှိနေဆဲဖြစ်ကြောင်း ယူကရိန်းသမ္မတရုံး လက်ထောက်အကြီးအကဲ Kyrylo Tymoshenko က အစောပိုင်းတွင် ပြောခဲ့သည်။ 

ဒုံးကျည်ထိမှန်ခံရသည့် အပန်းဖြေစင်တာအနီးရှိ အဆောက်အအုံတစ်ခုတွင် နေထိုင်သူ အသက် (၆၀) နှစ်အရွယ် Yulia Bondar က "ပေါက်ကွဲသံ ၃ ကြိမ် ကြားခဲ့ရပြီးတော့ အခု အပန်းဖြေစင်တာမှာ ဘာမှမကျန်တော့ဘူး။ ဒီနေရာက အလွန်ဆိတ်ငြိမ်တဲ့ နေရာလေးပါ။ ဒီလိုဖြစ်နိုင်တယ်လို့ ဘယ်တုန်းကမျှ မထင်ခဲ့မိဘူး" ဟု ဖွင့်ဟခဲ့သည်။

ယူကရိန်းအစိုးရအရာရှိများ၏ ပြောကြားမှုအရ ရုရှားစစ်လေယာဥ်တွေက ပင်လယ်နက်ပေါ်ကနေ ပျံသန်းပြီး ဒုံးကျည် (၃) စင်း ပစ်လွှတ်ခဲ့သည်ဟု ဆိုသည်။ 

ဆိုဗီယက်ခေတ် X-22 ဒုံးကျည်များကို အသုံးပြုခဲ့သည်ဟု ယူဆရကြောင်း Odesa ဒေသအုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရအမျိုးသား Serhiy Bratchuk က ပြောသည်။ 

ရုရှားက စစ်ပွဲစတင်ချိန်ကတည်းက ထိန်းချုပ်ထားခဲ့သော ပင်လယ်နက်အတွင်းရှိ မြွေကျွန်း (Snake Island) မှ ၎င်း၏တပ်ဖွဲ့များကို ဇွန်လ (၃၀) ရက်နေ့တွင် ပြန်ရုပ်သိမ်းလိုက်ပြီး နောက်တစ်ရက်အကူးတွင် Odesa ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ရုရှား - ယူကရိန်း စစ်ပွဲနှင့်ပတ်သက်သည့် ဆက်စပ်သတင်းတစ်ရပ်အရ ရုရှားက ယူကရိန်းနိုင်ငံအတွင်း ၎င်း၏ တပ်ဖွဲ့များ ထိန်းချုပ်ထားသော ပိုင်နက်ကနေ မိတ်ဆွေနိုင်ငံများသို့ ဂျုံတင်ပို့မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ပြီး Berdyansk ဆိပ်ကမ်းမှ တန်ချိန် (၇,၀၀၀) သယ်ဆောင်လာသည့် ကုန်တင်သင်္ဘောတစ်စီး ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

Source: BBC, CNN