ပူတင်က ယူကရိန်း၏ နေရာအများစုကို သိမ်းပိုက်ရန် ရည်မှန်းချက်ရှိနေ 

Photo: REUTERS/Mykola Synelnikov
Photo: REUTERS/Mykola Synelnikov
ပူတင်က ယူကရိန်း၏ နေရာအများစုကို သိမ်းပိုက်ရန် ရည်မှန်းချက်ရှိနေ 
ဇူလိုင် 1, 2022 | နိုင်ငံတကာသတင်း
By Mr John

 ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်း၏ နေရာအများစုကို သိမ်းပိုက်ရန် ဆန္ဒရှိနေဆဲဖြစ်ကြာင်း အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများက ယူဆထားကြသည်။ 

တိုက်ပွဲကြောင့် ရုရှားတပ်ဖွဲ့ဝင်များ အားနည်းလာခဲ့ကြောင်း နှင့် မည်သို့ဆိုစေ ၎င်းတို့မှာ နယ်မြေများကို တဖြည်းဖြည်းချင်းသာ ရယူနိုင်စွမ်းရှိနေကြောင်း အမေရိကန်အရာရှိများက အကဲဖြတ်ကြသည်။ 

ထိုအခြေအနေအရ ယူကရိန်းစစ်ပွဲမှာ ကာလရှည်ကြာနိုင်ကြောင်း အမေရိကန်နိုင်ငံ National Intelligence ညွှန်ကြားရေးမှူး Avril Haines က ပြောသည်။

ရုရှားက ကိဗ်မြို့တော်နှင့် အခြားမြို့များကို သိမ်းပိုက်ရန် မအောင်မြင်၍ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် မတ်လအတွင်း ပြန်လည် အာရုံစိုက်လာခဲ့သည်။ 

ရုရှားသမ္မတပူတင်က စစ်ပွဲစတင်ချိန်တွင် ၎င်းသတ်မှတ်ထားခဲ့သော ယူကရိန်း၏ နေရာအများစုကို သိမ်းပိုက်ရန် ရည်မှန်းချက်များကို ဆုပ်ကိုင်ထားဆဲဖြစ်ကြောင်း အမေရိကန် ထိပ်တန်းထောက်လှမ်းရေးအရာရှိ Avril Haines က ဆိုသည်။

 သို့သော် ရုရှားအနေဖြင့် ထိုရည်မှန်းချက်ကို အချိန်မရွေး အောင်မြင်ရန် မဖြစ်နိုင်ဟု ၎င်းကပြောသည်။

"ဒီနယ်မြေမှာ ပူတင်ရဲ့ ကာလတို စစ်ရေးရည်မှန်းချက်တွေနဲ့ သူ့စစ်တပ်ရဲ့ လုပ်နိုင်စွမ်းကြား အစီအစဥ်မကျဖြစ်နေတယ်လို့ ကျွန်မတို့ လေ့လာမိပါတယ်။ ဒါက သူ့ရဲ့ ရည်မှန်းချက်တွေနဲ့ စစ်တပ်က ပြီးမြောက်အောင်လုပ်နိုင်တာနဲ့ကြား ကွာဟချက်ဖြစ်နေတာမျိုးပါ" ဟု Avril Haines က အမေရိကန်ကုန်သွယ်ရေးဌာန ဆွေးနွေးပွဲတစ်ခုတွင် ပြောခဲ့သည်။

 REUTERS/Mykola Synelnikov

ကနဦး ရည်မှန်းချက်ဖြစ်သည့် ကိဗ်မြို့တော်ကို အလျင်အမြန် သိမ်းပိုက်ရန်စီစဥ်မှု မအောင်မြင်ခဲ့ပြီးနောက် ရုရှားက ယူကရိန်းအရှေ့ပိုင်းရှိ စက်မှုနယ်မြေဖြစ်သော ဒွန်ဘတ်စ်ကို သိမ်းပိုက်ရန် အာရုံစိုက်ကာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်။

 ဒွန်ဘတ်စ်တွင် ယူကရိန်းက ရုရှားဘာသာစကားပြောသူများကို လူမျိုးတုန်းသတ်ဖြတ်နေသည်ဟုလည်း ပူတင်က မဟုတ်မမှန် စွပ်စွဲထားခဲ့ကြောင်း သိရသည်။

ရုရှားတပ်ဖွဲ့တွေက ဒွန်ဘတ်စ်ဒေသရှိ အရေးပါသည့် Severodonetsk မြို့ကို မကြာသေးမီက ထိန်းချုပ်နိုင်ခဲ့သော်လည်း ၎င်းတို့၏ နောက်ထပ် နေရာများကို သိမ်းပိုက်ရေးမှာ ယူကရိန်းတပ်ဖွဲ့တွေက အပြင်းအထန် ခုခံမှုကြောင့် တိုးတက်မှုနှေးကွေးနေခဲ့သည်။ 

ရုရှားက ယူကရိန်းကို ယခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်တွင် စတင်ကျူးကျော်ခဲ့ရာ အနောက်အုပ်စု၏ စစ်လက်နက်အပါအဝင် ကူညီမှုများဖြင့် ယူကရိန်းဘက်က ခုခံတိုက်ခိုက်ခဲ့ရာ ရုရှားဘက်က မျှော်မှန်းထားသည့်အတိုင်းမဖြစ်ဘဲ စစ်ပွဲရှည်ကြာလျက်ရှိသည်။

 Maxar Technologies ]

ယူကရိန်းစစ်ပွဲနှင့် ပတ်သက်သည့် ဆက်စပ်သတင်းတစ်ရပ်အရ ရုရှားက စစ်ပွဲစတင်ချိန်ကတည်းက ထိန်းချုပ်ထားခဲ့သော ပင်လယ်နက်အတွင်းရှိ မြွေကျွန်း (Snake Island) မှ ၎င်း၏တပ်ဖွဲ့များကို ဇွန်လ (၃၀) ရက်နေ့တွင် ပြန်ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ 

ထိုကျွန်းမှ တပ်ဖွဲ့များကို ရုပ်သိမ်းမှုမျာ ဂျုံနှင့်ပြောင်းကဲ့သို့ အစေ့အဆန်တင်ပို့မှုများ လွယ်ကူစေရန် ချစ်ကြည်ရေးဆောင်ရွက်ချက်အဖြစ် ရုရှားက ပြောခဲ့သော်လည်း ယူကရိန်းဘက်ကမူ အောင်ပွဲတစ်ရပ်ဟု ဆိုသည်။

Source: BBC