ပင်းတယမြို့အဝင် ရဲကင်းပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား (၁)ဦး သေသွား

ပင်းတယမြို့အဝင် ရဲကင်းပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား (၁)ဦး သေသွား
ဇွန် 29, 2022 | ရှမ်းတောင်



* * * * * 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပင်းတယမြို့ရှိ မြို့ဝင်ရဲကင်းတစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး အာဏာသိမ်းစစ်အုပ်စု၏ စစ်သားတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားကြောင်း Voice of Pindaya ၏ သတင်းဖော်ပြထားချက်အရ သိရသည်။

ယနေ့ ၂၀၂၂ခုနှစ် ဇွန်လ(၂၉)ရက်နေ့ နံနက်(၁၀)နာရီ ဝန်းကျင်အချိန်က ပင်းတယမြို့၏ မြောက်ဘက်အထွက် မြောက်ကျောင်းကြီး ရဲကင်းတွင် ပစ်ခတ်မှုဖြစ်ပွားခြင်း ဖြစ်ပြီး အဆိုပါ ရဲကင်းရှိ စစ်သားတစ်ဦးသေဆုံးကာ တစ်ဦးမှာ ပြင်းထန်သည့် ဒဏ်ရာရရှိသွားသည့်အတွက် ကားဖြင့် ခေါ်တင်သွားသည်ဟု သိရသည်။

အဆိုပါ ပစ်ခတ်မှု မတိုင်မီ နံနက်(၉)နာရီ (၄၅)မိနစ်ဝန်းကျင်အချိန်က လယ်ပြင်ကျေးရွာနေ လမ်းသွား လမ်းလာ ရွာသားတစ်ဦးကို ရဲကင်းရှိ စစ်ကောင်စီတပ်သားများက ပစ်ခတ်သည့်အတွက် ရွာသားမှာ ဦးခေါင်းထိမှန်ပြီး ဆယ်ချက်ချုပ်ခဲ့ရကြောင်းသိရသည်။

နံနက်(၁၀)နာရီဝန်းကျင်က ဖြစ်ပွားသည့် ပစ်ခတ်မှုကို မြို့ပြပြောက်ကျားအဖွဲ့က လုပ်ဆောင်သည်ဟု ယူဆကြောင်း ဒေသခံများ၏ ပြောကြားချက်ကို Voice of Pindaya က ဖော်ပြထားပြီး  စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အနီးအနားရှိ ကျောင်းမှ ကျောင်းသားများမှ ကြောက်လန့်၍ ထွက်ပြေးကြရကြောင်း သိရသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်အုပ်စုအဖွဲ့က မြို့အဝင်အထွက်နေရာများကို ပိတ်ဆို့ စစ်ဆေးနေကြောင်း သိရသည်။

#TachileikNewsAgency