ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ကြောင့် နှစ်ပတ်အတွင်း အရပ်သား (၄)ဦးသေဆုံး

ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ကြောင့် နှစ်ပတ်အတွင်း အရပ်သား (၄)ဦးသေဆုံး
သြဂုတ် 18, 2022 | ကယား| ရှမ်းတောင်

 ကရင်နီ(ကယား)ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီက  ဩဂုတ်လ၏ နှစ်ပတ်တာအတွင်း အရပ်သား (၄)ဦးကို သတ်ဖြတ်ခဲ့သဖြင့် ၂၀၂၂ ခုနှစ်အတွင်း အဆိုပါဒေသများတွင် အာဏာသိမ်းစစ်တပ်ကြောင့် သေဆုံးရသူ (၂၆၅)ဦးအထိ တိုးလာပြီဖြစ်ကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ နှစ်ပတ်တာကာလအတွင်း အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးခံရသည့် အရပ်သား (၄) ဦးရှိသဖြင့် ယခုနှစ်အတွင်း ဩဂုတ်လ (၁၄)ရက်နေ့အထိကာလအတွင်း အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးခြင်းခံရသည့် အရပ်သား (၃၃၃)ဦး ရှိပြီဖြစ်သည်။

ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ်အတွင်း ယခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ ဩဂုတ်လ (၁၄)ရက်နေ့အထိ ကာလအတွင်း အာဏာသိမ်းစစ်ကောင်စီကတိုက်ပွဲဖြစ်၍ တိုက်ခိုက်ခြင်းမဟုတ်ဘဲ ရမ်းသမ်းပစ်ခတ်ခြင်းများ၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် ထိခိုက်ဒဏ်ရာရသည့် အရပ်သား (၂၃၂)ဦးရှိပြီး လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံ၊ ဖရူဆိုနှင့် ဘောလခဲမြို့နယ်များအတွင်း အဆောက်အအုံပေါင်း (၇၂၅)လုံးရှိပြီဟု ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်မှတ်တမ်းအရ သိရသည်။

ယင်းအပြင် ယခုနှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပယ်လိုက်သည့် CDM ပညာရေးဝန်ထမ်းပေါင်း (၂၆၂၃)ဦးရှိပြီး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ စုစုပေါင်း (၂၀၂၁၁၅)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က အရပ်သားများကို ဖမ်းကာ လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ လူနေအိမ်နှင့် ဆေးပေးခန်းများကိုပါ ဗုံးကြဲတိုက်ခိုက်ခြင်း၊ အရပ်သားများဖမ်း၍ လမ်းပြခိုင်းစေခြင်းစသည့် ချိုးဖေါက်မှုများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် အလားတူ ချိုးဖေါက်မှုများကို ၎င်းတို့စစ်ကြောင်းထိုးရာဒေသတိုင်းတွင် လုပ်ဆောင်နေသည်ကိုလည်း တွေ့နေရသည်။