အဆိုးဆုံး စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် သီရိလင်္ကာနိုင်ငံတွင် ဓာတ်ဆီလက်ကျန် တစ်ရက်စာသာရှိ

အဆိုးဆုံး စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် သီရိလင်္ကာနိုင်ငံတွင် ဓာတ်ဆီလက်ကျန် တစ်ရက်စာသာရှိ
By Mr John

နှစ်ပေါင်း (၇၀) ကျော်အတွင်း အဆိုးဆုံး စီးပွားရေးအကျပ်အတည်း ရင်ဆိုင်နေရသည့် သီရိလင်္ကာနိုင်ငံတွင် ဓာတ်ဆီ လုံးဝပြတ်လပ်တော့မည့် နောက်ဆုံးရက်ရောက်လာပြီဟု ဝန်ကြီးချုပ်သစ်က ပြောကြားလိုက်သည်။

ဝန်ကြီးချုပ်သစ် ရာနေး ဝစ်ကရင်းမဆင်းဂ်က ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် သီရိလင်္ကာအနေဖြင့် မရှိမဖြစ် သွင်းကုန်များအတွက် ငွေပေးချေရန် လာမည့်ရက်အနည်းငယ်အတွင်း အမေရိကန်ဒေါ်လာ (၇၅) သန်း အရေးတကြီး လိုအပ်နေသည်ဟုလည်း ထည့်သွင်းပြောခဲ့သည့်အပြင် အစိုးရဝန်ထမ်းများကို လုပ်ခလစာပေးရန် ဗဟိုဘဏ်က ငွေစက္ကူများ အသစ်ရိုက်နှိပ်သွားမည်ဟုလည်း ဆိုသည်။

နိုင်ငံပိုင် သီရိလင်္ကာလေကြောင်းလိုင်း Sri Lankan Airlines ကို ပုဂ္ဂလိကပိုင်ပြုလုပ်နိုင်ကြောင်းလည်း  ဝန်ကြီးချုပ်သစ်က ပြောကြားသည်။

COVID-19 ကပ်ရောဂါ ဖြစ်ပွားမှု၊ စွမ်းအင်ဈေးနှုန်းများ မြင့်တက်မှုနှင့် လူကြိုက်များသော အခွန်လျှော့ချမှုတို့က သီရိလင်္ကာ၏ စီးပွားရေးကို အပြင်းအထန် ထိခိုက်စေခဲ့ခြင်းဖြစ်သည်။

သီရိလင်္ကာမြို့တော် ကိုလံဘိုမြို့တွင် မေလ (၁၆) ရက်နေ့က မြို့လူထုသည် အရုဏ်မတက်မီကပင် ဓာတ်ဆီရှာရန် ဆိုင်ပေါင်းစုံကို လှည့်လည်တန်းစီခဲ့ရသည်ဟု ဒေသခံတစ်ဦးကို ကိုးကား၍ BBC သတင်းဌာနက ရေးသားထားသည်။

"ကျွန်တော်တို့ ဓာတ်ဆီဆိုင်တွေ အတော်များများကို သွားခဲ့ကြတယ်။ အများစုက ပိတ်ထားကြတယ်။ မနက် ၅နာရီခွဲ လောက်ကျမှ ပုံမှန်အနေနဲ့ အစိုးရယာဥ်တွေကို ဆီဖြည့်ပေးတဲ့နေရာမှာ ကျွန်တော်တို့ တန်းစီစောင့်ဆိုင်းဖို့ အခွင့်ရခဲ့တယ်။ လူအုပ်စုကတော့ နည်းပါတယ်။ ဒါပေမဲ့ ဆီထည့်ဖို့ တန်းစီးနေတဲ့ ကားတန်းအရှည်က တဖြည်းဖြည်းနဲ့ (၁) မိုင်ကျော်လောက်ရှိလာတယ်။ ကျွန်တော်တို့ ကံကောင်းပြီး မနက် (၉) နာရီလောက်မှာ ဆီဖြည့်လို့ရခဲ့တယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။

ကိုလံဘိုမြို့ပြင်တွင် နေထိုင်ကြသည့် ၎င်း၏သူငယ်ချင်းများမှာ ၎င်းတို့ထက် အချိန်ရှည်ကြာ စောင့်ဆိုင်းကြရသည်ဟုလည်း ဆိုသည်။ 

"အခုဆို ဓာတ်ဆီချွေတာဖို့ ကျွန်တော် အိမ်ကနေပဲ အလုပ် လုပ်တယ်။ နောက်တစ်ကြိမ် ကားဆီတိုင်ကီအပြည့် ဘယ်အချိန်ထည့်လိုရမလဲ မသိနိုင်ဘူးလေ" ဟု ၎င်းက ပြောသည်။

ကိုလံဘိုမြို့တွင် သယ်ယူပို့ဆောင်ရေးအတွက် အသုံးများသည့် သုံးဘီးယာဥ်များနှင့် အခြားယာဥ်များမှာ မြို့အနှံ့ရှိ ဓာတ်ဆီဆိုင်များတွင် တန်းစီနေကြကြောင်း သိရသည်။

"အခုအချိန်မှာ ကျွန်တော်တို့ရဲ့ ဓာတ်ဆီလက်ကျန်က တစ်ရက်စာအတွက်ပဲ ရှိပါတော့တယ်။ နောက်လာမယ့် (၂) လက ကျွန်တော်တို့ဘဝတွေရဲ့ အခက်ခဲဆုံး ဖြစ်လာပါမယ်" ဟု ဝန်ကြီးချုပ်သစ်က မေလ (၁၆) ရက်နေ့ ရုပ်မြင်သံကြားမိန့်ခွန်းတွင် ပြောခဲ့သည်။

သို့သော် အိန္ဒိယနိုင်ငံမှ အကြွေးစနစ်ဖြင့် ဝယ်ယူထားသည့် ဓာတ်ဆီနှင့် ဒီဇယ်ဆီများ လာမည့်ရက်အနည်းငယ်အတွင်း ရောက်ရှိလာမည်ဖြစ်ပြီး လောင်စာဆီများ ထောက်ပံ့ပေးနိုင်မည်ဟု ၎င်းက ဖြည့်စွက်ပြောသည်။

နိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေ တည်ငြိမ်စေရန် နိုင်ငံပိုင် သီရိလင်္ကာလေကြောင်းလိုင်းကို ရောင်းချသွားမည်ဟုလည်း ဝန်ကြီးချုပ်သစ် Ranil Wickremesinghe က ဆိုသည်။

ထိုလေကြောင်းလိုင်းမှာ ၂၀၂၁ ခုနှစ် မတ်လအထိ တစ်နှစ်တာကာလအတွင်း သီရိလင်္ကာ ရူပီးငွေ (၄၅) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂၉ သန်း) အရှုံးပေါ်ခဲ့ကြောင်း သိရသည်။

သီရိလင်္ကာတွင် လတ်တလော သီတင်းပတ်များအတွင်း သမ္မတနှင့် ၎င်း၏မိသားစုကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း အစိုးရထောက်ခံသူများနှင့် ဆန္ဒပြသူများကြား မေလ (၉) ရက်နေ့က ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ၏အကိုဖြစ်သူ ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ 

အပြင်းအထန် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများအတွင်း လူကိုးဦး သေဆုံးပြီး (၃၀၀) ကျော် ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

မေလ (၉) ရက် ညပိုင်း ဆူပူအုံကြွမှုအတွင်း ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်သွားသည့် Mahinda Rajapaksa ၏နေအိမ်ကို ဆန္ဒပြ ဆူပူအုံကြွသူတွေ ဝင်ရောက်စီးနင်းရန် နှစ်ကြိမ်တိုင် ကြိုးပမ်းခဲ့ကြပြီးနောက် စစ်တပ်က မေလ (၁၀) ရက် အာရုဏ်မတက်မီ စစ်ဆေးရေးတစ်ခုဖြင့် ကယ်ထုတ်ခဲ့ရသည်။



ထို့နောက် ဝန်ကြီးချုပ်သစ်အဖြစ် ဝါရင့်နိုင်ငံရေးသမား ရာနေး ဝစ်ကရင်းမဆင်းဂ်က  ကို မေလ (၁၂) ရက်နေ့တွင် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ 

သီရိလင်္ကာနိုင်ငံမှာ နိုင်ငံခြားငွေပြတ်လပ်မှုကြောင့် လောင်စာဆီတင်သွင်းမှုနဲ့ အခြား ကုန်ပစ္စည်းတွေအတွက် ငွေပေးချေရန် ရုန်းကန်နေခဲ့ရပြီး ၁၉၄၈ ခုနှစ်က ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရခဲ့ပြီးနောက်ပိုင်း အဆိုးဆုံး စီးပွားရေးအကျပ်အတည်း ကြုံတွေ့နေခဲ့ရသည်။

Soruce: BBC