အတည်ပြုလူနာ (၃၀)ကျော် ရှိနေသည့် တာချီလိတ်မြို့အား Stay at Home သတ်မှတ်ရန်မှာ ကိုဗစ် ဗဟိုကော်မတီမှ ဆုံးဖြတ်ပေးရမည့် ကိစ္စဖြစ်နေ

အတည်ပြုလူနာ (၃၀)ကျော် ရှိနေသည့် တာချီလိတ်မြို့အား Stay at Home သတ်မှတ်ရန်မှာ ကိုဗစ် ဗဟိုကော်မတီမှ ဆုံးဖြတ်ပေးရမည့် ကိစ္စဖြစ်နေ
နိုဝင်ဘာ 30, 2020
By Tachileik News Agency

 

အတည်ပြုလူနာ (၃၀)ကျော် ရှိနေသည့် တာချီလိတ်မြို့အား Stay at Home သတ်မှတ်ရန်မှာ ကိုဗစ် ဗဟိုကော်မတီမှ ဆုံးဖြတ်ပေးရမည့် ကိစ္စဖြစ်နေ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့မှစ၍ COVID-19 ဒေသတွင်း ကူးစက်မှုအဖြစ် တွေ့လာရသော်လည်း နိုဝင်ဘာလ (၃၀) ရက်နေ့အထိ stay at home သတ်မှတ်ထားနိုင်ခြင်းမရှိသေးဘဲ အတည်ပြုလူနာတွေ့သည့်နေရာများ၌သာ အပိုင်းလိုက် lockdown သတ်မှတ်ထားကြောင်းသိရသည်။
“ပြည်သူလူထုတွေက ပြောနေကြတာပေါ့။ ဒီမြို့ကို Stay at Home မထားဘူးလား။ Lockdown တွေမထားသေးဘူးလားလို့ အမြဲတမ်းပြောတာပေါ့။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်၊ guideline တွေပေါ်မှာ အဓိကကြည့်ပြီး လိုက်ပါဆောင်ရွက်နေရတာဖြစ်ပါတယ်။ လက်ရှိကျွန်တော်တို့မြို့မှာ Stay at Home ချမယ်ဆိုတဲ့ဟာက ကိုဗစ်ဗဟိုကော်မတီကနေပြီးတော့မှ ဆုံးဖြတ်ပေးရမယ့်ကိစ္စ ဖြစ်ပါတယ်။ လောလောဆယ်အနေအထားအရ မသတ်မှတ်သေးဘူးလို့ သိရပါတယ်”ဟု တာချီလိတ်ခရိုင် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၃၀)ရက်နေ့တွင် ပြောသည်။
COVID 19 ဖြစ်ပွားရာဒေသများအား အသွားအလာကန့်သတ်ခြင်းကို ဆောင်ရွက်ရာ၌ ပြည်သူလူထု စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နိုင်သဖြင့် အများပြည်သူ စားဝတ်နေရေး ထိခိုက်မှုအနည်းဆုံးဖြင့် COVID-19 ရောဂါထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်နေခြင်းဖြစ်ပြီး stay at home ဧရိယာအဖြစ် သတ်မှတ်ကြေညာခြင်းကို အမျိုးသားအဆင့် COVID 19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေးကော်မတီမှ သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ တာချီလိတ်မြို့ပေါ်တွင် COVID-19 ရောဂါပိုးတွေ့ရှိသူများ၏ နေအိမ်များကိုသာ အသွားအလာကန့်သတ်ထားနေရာ မြို့ပေါ်ရပ်ကွက် (၆) ရပ်ကွက်မှ နေအိမ် (၁၂) လုံးနှင့် ဟိုတယ် (၂) လုံးကို အသွားအလာကန့်သတ်ထားခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် အခြားဒေသမှ လာပြီး Covid-19 ပိုးတွေ့ရသည့် (၃)ဦး အပါအဝင် တာချီလိတ်မြို့တွင်း ကူးစက်မှုအဖြစ် တွေ့ရှိရသည့် (၃၁) ဦး စုစုပေါင်း (၃၄)ဦးရှိသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~