ဥရောပသမဂ္ဂ က ရုရှားထံမှ ရေနံတင်သွင်းမှု (၉၀) ရာခိုင်နှုန်း လျှော့ချသွားမည်

Photo: REUTERS/Johanna Geron
Photo: REUTERS/Johanna Geron
ဥရောပသမဂ္ဂ က ရုရှားထံမှ ရေနံတင်သွင်းမှု (၉၀) ရာခိုင်နှုန်း လျှော့ချသွားမည်
By Mr John

ယခုနှစ်ကုန်ပိုင်းမှစပြီး ရုရှားထံမှ ရေနံတင်သွင်းမှု (၉၀) ရာခိုင်နှုန်း လျှော့ချသွားရန် ဥရောပသမဂ္ဂခေါင်းဆောင်များက မေလ (၃၀) ရက်နေ့တွင် သဘောတူညီခဲ့ကြကြောင်း သိရသည်။

လွန်ခဲ့သော  (၃)လဖြစ်သည့် ဖေဖော်ဝါရီလ(၂၄)ရက်နေ့က စပြီး  ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ရုရှားအပေါ် ဥရောပသမဂ္ဂ၏ အပြင်းထန်ဆုံး အရေးယူပိတ်ဆို့မှု ချမှတ်ဆောင်ရွက်ရန် အဖွဲ့ဝင် ဟန်ဂေရီနိုင်ငံနှင့် သဘောတူညီမှုရရှိရေး ဆွေးနွေးညှိနှိုင်းမှု မဆုတ်သာမတိုးသာ ဖြစ်နေခဲ့ပြီးနောက် ယခုအခါ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကြား သဘောတူညီမှုရရှိခဲ့ကြခြင်းလည်း ဖြစ်သည်။

အဖွဲ့ဝင်နိုင်ငံများ သဘောတူညီမှုအရ ရုရှား၏ အကြီးဆုံးဘဏ် Serbank ကို ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ SWIFT စနစ်ကနေ ဖယ်ထုတ်ထားခြင်း အပါအဝင် ဥရောပသမဂ္ဂက ရုရှားအပေါ် ခြောက်ခုမြောက် အရေးယူပိတ်ဆို့မှုအစီအစဥ် ချမှတ်ရန် လမ်းပွင့်သွားစေခဲ့သည်။

"ရုရှားက ဥရောပသမဂ္ဂကို ရေနံတင်ပို့မှု တားမြစ်ပိတ်ပင်ဖို့ သဘောတူညီခဲ့ကြပါတယ်" ဟု ဥရောပကောင်စီဥက္ကဌ Charles Michel က နှစ်ရက်ကြာ ကျင်းပပြုလုပ်သည့် ဥရောပသမဂ္ဂအဖွဲ့ဝင် (၂၇) နိုင်ငံ၏ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ပထမနေ့အပြီး၌ Twitter တွင် ရေးသားခဲ့သည်။

"ဒါက ရုရှားထံကနေ ရေနံတင်ပို့မှု သုံးပုံနှစ်ပုံကျော်ကို လျှော့ချဖို့ သက်ရောက်လာမှာဖြစ်ပြီး သူ့ရဲ့ စစ်ပွဲယန္တရားအတွက် ကြီးမားတဲ့ ဘဏ္ဍာငွေအရင်းအမြစ်ကို ဖြတ်တောက်လိုက်ခြင်း ဖြစ်ပါတယ်။ စစ်ပွဲအဆုံးသတ်ဖို့ ရုရှားကို အမြင့်ဆုံးဖိအား ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

ရုရှားထံမှ ဥရောပက ရေနံတင်သွင်းရာတွင် သုံးပုံနှစ်ပုံကို ရေနံတင်သင်္ဘောများဖြင့် တင်သွင်းနေပြီး သုံးပုံတစ်ပုံကို Druzhba ပိုက်လိုင်းမှတစ်ဆင့် တင်သွင်းနေသည်။

ထို့ကြောင့် ရေနံတင်သင်္ဘောများဖြင့် တင်သွင်းမှုကို ပိတ်ပင်လိုက်ခြင်းက ရုရှားထံမှ ရေနံတင်ပို့မှု သုံးပုံနှစ်ပုံကို ပိတ်ပင်လိုက်ခြင်းလည်း ဖြစ်လာကြောင်း သိရသည်။

ယခုပိတ်ပင်မှုအရ ပိုလန်နှင့် ဂျာမနီက ရုရှားထံမှ ရေနံတင်သွင်းနေမှု (၉၀) ရာခိုင်နှုန်း အကျုံးဝင်မည်ဖြစ်ပြီး ထိုနိုင်ငံတွေက ရုရှားနှင့် ရေနံပိုက်လိုင်းလည်း ဆက်သွယ်ထားကြသည်။

ပိုလန်နှင့် ဂျာမနီက ယခုနှစ်ကုန်ပိုင်းတွင် ရုရှားထံမှ ရေနံဝယ်ယူနေမှု ရပ်ဆိုင်းမည်ဖြစ်သည်။

ကျန် (၁၀) ရာခိုင်နှုန်းကိုမူ ရေနံဝယ်ယူရာတွင် အလွယ်တကူ အစားထိုးရန် မလွယ်ကူသည့် ကုန်းတွင်းပိတ်နိုင်ငံ ဟန်ဂေရီအတွက် ယာယီအားဖြင့် ချွင်းချက်ထားပြီး ဆက်လက် တင်သွင်းခွင့်ပြုထားမည်ဟု ဆိုသည်။

ဟန်ဂေရီ၊ ဆလိုဗက်ကီးယားနှင့် ချက်ရီပတ်ဘလစ်တို့မှာ ရုရှားထံမှ ရေနံကို ပိုက်လိုင်းမှတစ်ဆင့် တင်သွင်းနေခြင်းလည်း ဖြစ်သည်။

Source: Reuters