ရှမ်းပြည်နယ်အရှေ့ပိုင်းမှ လျှောက်ထားသည့် သတ္တုလုပ်ကွက်ပေါင်း (၄၁၄) ခုအနက် (၁) ခုသာ ခွင့်ပြုချက်ရရှိထား

ရှမ်းပြည်နယ်အရှေ့ပိုင်းမှ လျှောက်ထားသည့် သတ္တုလုပ်ကွက်ပေါင်း (၄၁၄) ခုအနက် (၁) ခုသာ ခွင့်ပြုချက်ရရှိထား
မတ် 2, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်းမှ လျှောက်ထားသည့် သတ္တုလုပ်ကွက်ပေါင်း (၄၁၄) ခုအနက် (၁) ခုသာ ခွင့်ပြုချက်ရရှိထား

ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ လုပ်ငန်းရှင်များက သတ္တုတူးဖော်ရေးအတွက် လုပ်ကွက်ပေါင်း (၄၁၄) ခု လျှောက်ထားခဲ့ကြသော်လည်း လုပ်ကွက် (၁) ခုသာ ခွင့်ပြုချထားပေးနိုင်သေးကြောင်း သိရသည်။

လောလောဆယ် ခွင့်ပြုမိန့်တစ်ခုတည်း ပေးရသေးတယ်ဆိုတာက မယ်ပုံ့လုံဒေသမှာ ကျောက်မီးသွေးထုတ်လုပ်တဲ့ အသေးစားလုပ်ကွက်တစ်ခု။ ဒီဘက်မှာ ကြန့်ကြာတဲ့အကြောင်းရင်းက မြေပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ ပုံစံ (၇)၊ ပုံစံ (၁၃) ရပြီးသားမြေတွေမှာ လျောက်ထားလာတဲ့အတွက် ကျွန်တော်တို့က အခြားနည်းသုံးစွဲခွင့်ရရှိပြီးမှ ထုတ်ပေးနိုင်တဲ့အတွက်ကြောင့် ဒီမှာအချို့က ဆက်လက်ဆောင်ရွက်နေပြီး အချို့ကဆက်လက်ဆောင်ရွက်လိုခြင်းမရှိပဲ ပုံစံကျပြီးသားမြေကိုပဲဆက်လက်ဆောင်ရွက်လိုတဲ့အတွက် ပြန်လည်ပယ်ဖျက်ပေးဖို့ တောင်းဆိုတာတွေရှိပါတယ်

ဟု ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း သတ္တုတူးဖော်ရေးအတွက် လုပ်ကွက်ပေါင်း (၁,၀၀၀)ကျော် လျှောက်ထားသည့်အနက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ လျှောက်ထားသည့် လုပ်ကွက်ပေါင်း (၄၁၄) ကွက် ပါဝင်ကြောင်း သိရသည်။

လျောက်ထားသည့် လုပ်ကွက်များအနက် လုပ်ကွက်ပေါင်း (၃၃၀)ကျောကို  ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးမှ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် လုပ်ကွက်အချို့မှာ အကြီးစား၊ အလတ်စား လျာထားဧရိယာအတွင်း ကျရောက်နေသဖြင့် ခွင့်ပြု၍မရကြောင်း အကြောင်းပြန်ကြားထားပြီး လုပ်ကွက်အချို့မှာ လျှောက်ထားစဉ်က တင်ပြသည့် မြေပုံညွှန်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးချိန်တွင် ကွဲလွဲချက်အချို့ရှိနေသဖြင့် မြေပုံညွှန်းပြန်လည်ပြင်ဆင်ပြီး လျှောက်ထားမှုများရှိနေကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း သတ္တုတူးဖော်ရေးအတွက် လုပ်ကွက်ပေါင်း (၁,၀၀၀)ကျော် လျောက်ထားသည့်အနက် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ အသေးစားသတ္တုလုပ်ကွက် (၄၂) ခု၊ လုပ်ငန်းဆောင်ရွက်ဆဲ သတ္တုလုပ်ကွက် (၅၀) ခု၊ သတ္တုဝယ်ရောင်း (၃) ခုကို စိစစ်ပြီး လိုင်စင်ထုတ်ပေးထားကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် လုပ်ငန်းရှင် (၅၉) ဦးမှ အသေးစားသတ္တုလုပ်ကွက် (၄၀၂) ခု လျှောက်ထားရာတွင် လုပ်ကွက် (၃၃၁) ခုကိုကွင်းဆင်းစစ်ဆေးထားပြီး သတ္တုလုပ်ကွက် (၁) ခုကိုစိစစ်ချထားပေးပြီးဖြစ်ကာ လုပ်ငန်းရှင် (၉) ဦးမှ လျှောက်ထားသည့် လက်လုပ်လက်စားသတ္တုလုပ်ကွက် (၁၂) ခုအနက် လုပ်ကွက် (၉) ခုကိုကွင်းဆင်းစစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။     

ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနအနေဖြင့် အသေးစားသတ္တုလုပ်ကွက်များအတွက် စက်မှုတွင်းထွက်ကုန်ကြမ်း၊ ကျောက်အတွက် ဧက (၂၀)၊ ရွှေနှင့် အဖိုးတန်သတ္တုမှအပ အခြားသတ္တုအတွက် (၁၀) ဧက၊ ရွှေနှင့် အဖိုးတန်သတ္တုအတွက် (၄) ဧက၊ လက်လုပ်လက်စားသတ္တုလုပ်ကွက်များအတွက် စက်မှုတွင်းထွက်ကုန်ကြမ်းအတွက် (၅) ဧက၊ ရွှေနှင့် အဖိုးတန်သတ္တုမှအပ အခြားသတ္တုနှင့် ကျောက်အတွက် (၃) ဧက၊ ရွှေနှင့် အဖိုးတန်သတ္တုအတွက် (၁) ဧကအထိသာ စီစစ်ခွင့်ပြုပေးနေကြောင်း သိရသည်။

Tachileik News Agency
သတင်း ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~