အရာတော် ထန်းတောကုန်းတိုက်ပွဲတွင် ဒဏ်ရာရ၊သေဆုံးတပ်ဖွဲ့ဝင်များ လာသယ်သည့် စစ်ကောင်စီတပ်ဖွဲ့ ထပ်မံတိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်တစ်ဦး သေဆုံး

အရာတော် ထန်းတောကုန်းတိုက်ပွဲတွင် ဒဏ်ရာရ၊သေဆုံးတပ်ဖွဲ့ဝင်များ လာသယ်သည့် စစ်ကောင်စီတပ်ဖွဲ့ ထပ်မံတိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်တစ်ဦး သေဆုံး
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ထန်းတောကုန်းရွာတိုက်ပွဲတွင် ဒဏ်ရာရ၊ သေဆုံးတပ်ဖွဲ့ဝင်များကို လာသယ်သည့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ လမ်းတွင် ထပ်မံတိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်တစ်ဦး သေဆုံးသွားသည်ဟု သိရသည်။

သေဆုံးသွားသည့် အဆိုပါအရာရှိကို တပ်အနီးရှိ တော်လှသုဿန်၌ နေ့ချင်းသဂြိုလ်လိုက်ကြကြောင်း အရာတော်မြို့နယ် PDF က ယနေ့ ၂၀၂၂ ခုနှစ်၊ မေလ(၁၉)ရက်တွင် သတင်းထုတ်ပြန်သည်။

ထန်းတောကုန်းရွာတွင် မေလ(၁၇)ရက်နေ့က တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း အာဏာသိမ်းတပ်ဘက်မှ သေဆုံး၊ ဒဏ်ရာရသူများရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းတပ်က ဒဏ်ရာရသူများကို နောင်ကြီးအိုင်ရဲစခန်းကို သယ်သွားပြီး မေလ(၁၈)ရက်နေ့တွင် အရာတော်မြို့ထဲမှ စက်သေနတ်ပါ သံချပ်ကာ ကား (၂)စီးနှင့် စစ်ကား(၁)စီးတို့ဖြင့် ဒဏ်ရာရသူများကို လာရောက်သယ်ဆောင်ခဲ့ရာ အပြန်လမ်းတွင် မကျီးကန်ကျေးရွာအနီး၌ ထပ်မံတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် အာဏာသိမ်းစစ်တပ်က စက်သေနတ်ပါ သံချပ်ကာကားများဖြင့်ပါ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။