ပလိုင်းကျေးရွာရှိ စာသင်ကျောင်းတွင် အထိုင်ချနေသည့် စစ်ကောင်စီတပ်အဖွဲ့ကို သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၈)ဦး သေပြီး တော်လှန်ရေး စစ်သည်တော် (၁)ဦး ကျဆုံး

Photo:  C&T SHWEBO , SAE
Photo: C&T SHWEBO , SAE
ပလိုင်းကျေးရွာရှိ စာသင်ကျောင်းတွင် အထိုင်ချနေသည့် စစ်ကောင်စီတပ်အဖွဲ့ကို သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၈)ဦး သေပြီး တော်လှန်ရေး စစ်သည်တော် (၁)ဦး ကျဆုံး

 စစ်ကိုင်းတိုင်းအတွင်း ရွှေဘိုမြို့နယ် ပလိုင်းကျေးရွာစာသင်ကျောင်းတွင်  အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များကို ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက် တိုက်ခိုက်ရာ အာဏာသိမ်းစစ်တပ်ဘက်က (၈)ဦး သေဆုံးပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က(၁)ဦး ကျဆုံး ခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို C&T SHWEBO၊ Snake Eyes PDF၊ People Defense Force Shwebo၊ Alpha 7၊ မဟူရာဇီးကွက်(ဒီပဲယင်း)၊ ပြုံးရွှင်(ဒီပဲယင်း)၊ အရာ‌တော်နောင်ရိုး၊ ဗိုလ်ကျားရိုင်း၊‌ ဒေါင်းမာန်နှင့် မဟာမိတ်ဖြစ်ကြသည့်  နဂါးပျံ သိဒ္ဓိရှင်တို့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအပြီး ဆိုင်ကယ်(၄)စီးဖြင့် နယ်မြေရှင်းလင်းရန် ထွက်လာသည့် စစ်ကောင်စီတပ်၏ အဖွဲ့ကို အုပ်ပုံကျေးရွာနှင့် ကျီးကန်ကျေးရွာကြား မိုင်းဆွဲတိုက်ခိုက်ရာ (၆)ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး ၎င်းတို့၏ ပြန်လည် ပစ်ခတ်မှုကြောင့် တော်လှန်ရေးရဲဘော်တစ်ဦး ဖြစ်သည့် အသက်(၃၂)နှစ်အရွယ် ကိုချမ်းငြိမ်းအောင်(ခ)လက်မနှေးသည် လက်နက်ကြီး ထိမှန်ပြီး နိုင်ငံတော်အတွက် အသက်ပေးသွားကြောင်း ဗိုလ်မိကျောင်းနှင့်ကျားပျံအဖွဲ့ ( C&T Shwebo ) က မေလ(၈)ရက်နေ့ တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ပူးပေါင်းအဖွဲ့၏ Drone ကိုလည်း စစ်ကောင်စီတပ်ဖက်က Drone Gun ဖြင့် ပစ်ခတ်သည့်အတွက် Drone ဖြင့် ချိတ်ဆွဲထားသည့် ဗုံးသီးမှာ ပေါက်ကွဲသွားပြီး Drone တစ်စီးကို စစ်ကောင်စီတပ်ဘက်က ရရှိသွားသည့်အပြင် ကျဆုံးသူ ကိုချမ်းငြိမ်းအောင်(ခ)လက်မနှေး၏ လက်လုပ် ပစ္စတို(၁)လက် နှင့် ကျည်အချို့ကိုလည်း စစ်ကောင်စီတပ်ဘက်က ရရှိသွားကြောင်း သိရသည်။ 

အာဏာသိမ်းစစ်ကောင်စီတပ်သည် စစ်ကိုင်းအတိုင်းအတွင်း  မြို့နယ်နှင့်မြို့များရှိ ကျေးရွာပေါင်း (၅၀၀၀)ကျော်သို့ စစ်အင်အားများ ဖြန့်ကျက်ပြီး ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။