ခွင့်ပြုချက်မရဘဲ လုပ်ကိုင်နေသည့် စက်သုံးဆီဆိုင်ကို ကန့်ကွက်၍ တရားစွဲခံရသည့် ရွာသားများဘက်က ဝန်ကြီးချုပ် သက်သေထွက်ဆိုပေး

ခွင့်ပြုချက်မရဘဲ လုပ်ကိုင်နေသည့် စက်သုံးဆီဆိုင်ကို ကန့်ကွက်၍ တရားစွဲခံရသည့် ရွာသားများဘက်က ဝန်ကြီးချုပ် သက်သေထွက်ဆိုပေး
ဖေဖော်ဝါရီ 7, 2020
By Tachileik News Agency

ခွင့်ပြုချက်မရဘဲ လုပ်ကိုင်နေသည့် စက်သုံးဆီဆိုင်ကို ကန့်ကွက်၍ တရားစွဲခံရသည့် ရွာသားများဘက်က ဝန်ကြီးချုပ် သက်သေထွက်ဆိုပေး

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကုလားကုန်းကျေးရွာ၌ စက်သုံးဆီဆိုင် ဆောက်လုပ်နေမှုအပေါ် ဦးဆောင် ကန့်ကွက်ခဲ့သူ(၂)ဦးအား နစ်နာကြေး ကျပ် သိန်း(၃၈၀)ကျော် ရလိုမှုဖြင့် စက်သုံးဆီဆိုင်လုပ်ငန်းရှင်က မင်းဘူးခရိုင်တရားရုံးတွင် တရားစွဲဆိုထားရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ (၆)ရက်နေ့တွင် တရားစွဲဆိုခံရသူများဘက်မှ သက်သေ ထွက်ဆိုပေးသည်။

အဲဒီ ဓာတ်ဆီဆိုင်ဆောက်မယ် ပြင်ဆင်ကတည်းက ပွင့်ဖြူမြို့နယ် သရက်တောအုပ်စု ကုလားကုန်းကျေး ရွာက ရွာသူရွာသားတွေက မီးရေးထင်းရေး စိုးရိမ်ရတဲ့အတွက် ထောက်ခံမပေးဖို့ ဝန်ကြီးချုပ်ရုံးကိုလာပြော တယ်။ ဒါကြောင့် ကျွန်တော်တို့က ထောက်ခံ မပေးခဲ့တာ။ ခရိုင်ကလည်း တားတယ်။ ရေနံနဲ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး တိုင်းမန်နေဂျာကလည်း တားတယ်။ အဲဒီလို တားတဲ့ကြားထဲက သူတို့ဆက်လုပ်နေတာ ဖြစ်တယ်။ သူ့အကျိုးစီးပွားကို နစ်နာအောင်လုပ်တယ်လို့ ပြောရအောင်ကလည်း တရားဝင်ဆောက်လုပ်ခွင့်၊ ရောင်းချ ခွင့်၊ သိုလှောင်ခွင့်လည်း မရှိဘူး။ သိုလှောင်ရောင်းချနေမှ ရွာလူထုက ကန့်ကွက်တယ်ဆိုရင်တော့ သူ့အကျိုး စီးပွားထိခိုက်တယ် ဆိုချင်လည်း ဆိုပေါ့။ ဒါကို နစ်နာကြေးရလိုမှုနဲ့ တရားစွဲတာကြောင့် ရွာလူထုဘက်က လာပြီး သက်သေထွက်ဆိုပေးရတာပါ

ဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စက်သုံးဆီဆိုင် လုပ်ငန်းရှင်နှင့် စီးပွားပြိုင်ဘက်၊ နိုင်ငံရေးပြိုင်ဘက်ဖြစ်နေ၍ ထောက်ခံ မပေးခဲ့ခြင်းမဟုတ်ဘဲ ဆောက်လုပ်မည် ပြင်ဆင်ကတည်းက မီးရေးထင်းရေး စိုးရိမ်ရ၍ ရွာလူထု၏ (၈၅)ရာခိုင် နှုန်းကျော်က ကန့် ကွက်စာတင်ပြခဲ့သဖြင့်သာ ထောက်ခံမပေးခဲ့ခြင်းဖြစ်သည်သည်ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

ဒါ ဒီမိုကရေစီစနစ်အရ ကျွန်တော်တို့မြင်ချင်တဲ့ အနေအထားပါပဲ။ တရားလိုနဲ့ တရားပြိုင် ဘယ်သူမှားတယ် မှန်တယ်ဆိုတာနဲ့ ဒီနေ့ဝန်ကြီးချုပ် ဘယ်လို သက်သေထွက်ဆို တယ်ဆိုတာ ကျွန်တော်တို့ မသိပါဘူး။ တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ကျိုးစီးပွားနဲ့ အများပြည်သူရဲ့ အကျိုးစီး ပွားအားပြိုင်ကြတဲ့အပေါ် အများပြည်သူဖက်က သက်သေထွက်ဆိုပေးတဲ့ ဝန်ကြီးချုပ်ကိုတော့ အထူးလေး စားမိပါတယ်။ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရ ဆုံးဖြတ်လာမယ့် အပေါ်မှာလည်း စိတ်ဝင်စားစရာပါပဲ

ဟု ပွင့်ဖြူမြို့နယ်ဒေသခံ ဦးကျော်မြင့်နိုင် က ပြောသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ တရားလိုရှေ့နေအား မေးမြန်းရာ ဖြေကြားခြင်း မပြုနိုင်ဟု အကြောင်းပြန်ကြား ခဲ့ပြီး မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကုလားကုန်းကျေးရွာ၌ စက်သုံးဆီဆိုင် ဆောက်လုပ်နေမှုအပေါ် ဦးဆောင်ကန့်ကွက်ခဲ့သူ ဦးဇော်ဝင်းနှင့် ဦးသောင်းရွှေတို့အား မင်းထက်ကြွယ် စက်သုံးဆီဆိုင်ပိုင်ရှင် ဦးမင်းနိုင် က စက်သုံးဆီဆိုင်လုပ်ငန်း ရပ်တန့်လိုက်ရသည့်အတွက် နစ်နာကြေးငွေ ကျပ်(၃၈၂)သိန်း(၃) သောင်း (၅)ထောင် ရလိုမှုဖြင့် မင်းဘူးခရိုင်တရားရုံးတော်တွင် တရားမမှုအမှတ် ၁/၂၀၁၈ ဖြင့် တရားစွဲ ဆိုခဲ့ခြင်းဖြစ်ကြောင်း မင်းဘူးခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး ဒေါ်ခင်ဌေးမော် ၏ ပြောကြားချက်အရ သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~