ဂျပန်နိုင်ငံ၏ ယဥ်ကျေးမှုအမွေအနှစ်ဖြစ်သည့် ရှေးအကျဆုံးအိမ်သာ ကားဖြင့်ဝင်တိုက်မှုကြောင့် ပျက်စီးမှုဖြစ်ပေါ်

ဂျပန်နိုင်ငံ၏ ယဥ်ကျေးမှုအမွေအနှစ်ဖြစ်သည့် ရှေးအကျဆုံးအိမ်သာ ကားဖြင့်ဝင်တိုက်မှုကြောင့် ပျက်စီးမှုဖြစ်ပေါ်
အောက်တိုဘာ 19, 2022 | နိုင်ငံတကာသတင်း
By Mr John

ယဥ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ကိုင်နေသူ ဂျပန်အမျိုးသားတစ်ဦးက ရာစုနှစ်များနှင့်ချီ သက်တမ်းရှိသည့် ဗုဒ္ဓဘာသာဘုရားကျောင်းတစ်ကျောင်းရှိ ဂျပန်နိုင်ငံ၏ ရှေးအကျဆုံးအိမ်သာကို ၎င်း၏ ကားဖြင့် မတော်တဆ ဝင်တိုက်ခဲ့မိရာ အိမ်သာအဆောက်အအုံ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားခဲ့ကြေင်း ရဲတပ်ဖွဲ့က အောက်တိုဘာလ (၁၈) ရက်နေ့တွင် ပြောသည်။

ဂျပန်အနောက်ပိုင်း ကျိုတိုဒေသရှိ Tofukuji ဘုရားကျောင်း၏ အိမ်သာကို (၁၅) ရာစုတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ရာ အရေးကြီးသည့် ယဥ်ကျေးမှုပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ထားသည်။ 

Kyoto Heritage Preservation Association မှ အသက် (၃၀) နှစ်အရွယ် ကားမောင်းသူအမျိုးသားက အောက်တိုဘာလ (၁၇) ရက် နံနက်ပိုင်းတွင် မတော်တဆ ကားနောက်ဆုတ်မိရာမှ အိမ်သာအဆောက်အအုံကို မတော်တ ဝင်တိုက်ခဲ့ပြီး အိမ်သာအဝင် မူရင်းသစ်သားတံခါး ပျက်စီးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က AFP သတင်းဌာနကို ပြောသည်။

ထိုအမျိုသားက ၎င်း၏ကားကို အိမ်သာရှေ့တွင် ရပ်ထားခဲ့ခြင်းဖြစ်ပြီး နောက်ပြန်ဆုတ်သည့် ဂီယာကို မပြောင်းခဲ့မိဘဲ ကားစက်နှိုးမောင်းနှင်ခဲ့ရာမှ အိမ်သာကို ဝင်တိုက်ခဲ့မိသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ 

ပျက်စီးသွားသည့် ရှေးအကျဆုံးအိမ်သာကို ယခင်အတိုင်းပြန်ဖြစ်စေရန် များစွာလုပ်ဆောင်ရမည်ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

ကားဖြင့်ဝင်တိုက်မှုကြောင့် အတွင်းဘက်နံရံများလည်း အနည်းငယ်ပျက်စီးခဲ့သည်။ 

သို့သော် အပေါ့အလေးစွန့်သည့် အိမ်သာခွက် (၂) ခုမှာမူ ထိခိုက်ပျက်စီးမှု မရှိခဲ့ဘဲ ပကတိအတိုင်းရှိကြောင်း ယဥ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကျိုတိုဒေသဆိုင်ရာ အရာရှိတစ်ဦး Norihiko Murata က AFP ကို ပြောသည်။ 

ထိုအိမ်သာကို ရှေးယခင်က ဘုန်တော်ကြီးများ အသုံးပြုခဲ့ကြသော်လည်း လက်ရှိတွင် အသုံးပြုမတော့ကြောင်းလည်း သိရသည်။

"ဒီလို အရေးကြီးတဲ့ ယဥ်ကျေးမှုအမွေအနှစ် ပျက်စီးသွားတာက စိတ်ပျက်စရာကောင်းတာ သေချာတာပေါ့။ သူ့ရဲ့ ယဥ်ကျေးမှုတန်ဖိုးကို တတ်နိုင်သလောက် ထိန်းသိမ်းသွားမယ့် နည်းလမ်းတစ်ခုနဲ့ ဒါကို ဘယ်လို ပြန်ပြင်ဆင်ရမယ်ဆိုတာ ဆွေးနွေးသွားပါမယ်" ဟု Murata က ပြောသည်။

Source: AFP

Photo: John S Lander/Getty, Kyoto Prefectural Board of Education