ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၅)ဦး သေဆုံး

ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၅)ဦး သေဆုံး
မေ 4, 2022 | ကယား

 ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဧပြီလ(၃၀)ရက်နေ့က တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား(၅)ဦးသေကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)က ယနေ့ မေလ(၄)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။ 

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဧပြီလ(၃၀)ရက်က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ (၅)ဦး သေဆုံးပြီး (၁၀)ဦး အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

၎င်းတိုက်ပွဲကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)နှင့် DMO PDF တို့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိ မှု မရှိခဲ့ဟု သိရသည်။

နောင်တွင်လည်း ကရင်နီ (ကယား)ဒေသတွင်းရှိ အခြားတော်လှန်ရေးတပ်များနှင့်အတူ ပူပေါင်းကာ စစ်ကောင်စီတပ်များကို တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မေလ(၃)ရက်နေ့လည်း ဒီးမော့ဆိုမြို့၊ မြို့မရပ်ကွက်သို့ ဘတ်ဖိုးကားဖြင့် ကာဗာယူကာ တက်လာသည့် စစ်ကောင်စီတပ်ကို ဒီးမော့ဆို PDF ဗျူဟာ(၃)က စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ် သား(၂)ဦး သေခဲ့သေးသည်။

စစ်ကောင်စီတပ်ကလည်း RPG လက်နက်ကြီးများဖြင့် ပြန်လည်  ပြစ်ခတ်ရာ (၁၅)မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ခဲ့ကြပြီး နောက် စစ်ကောင်စီတပ်များ ဆုတ်ခွါသွားကြကြောင်း သိရသည်။

 #TachileikNewsAgency