ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းဖြင့် နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုအတွင်း မပေါက်ကွဲသေးသည့် ဗုံးတစ်လုံး တွေ့ရှိ

Photo: KNDF BO1
Photo: KNDF BO1
ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းဖြင့် နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုအတွင်း မပေါက်ကွဲသေးသည့် ဗုံးတစ်လုံး တွေ့ရှိ
ဖေဖော်ဝါရီ 25, 2022 | ကယား

အာဏာသိမ်းစစ်ကောင်စီတပ်က ကရင်နီ(ကယား)ပြည်နယ်ကို လေကြောင်းဖြင့် နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေသည့် (၁၀)ရက်မြောက်နေ့ဖြစ်သည့် ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုဒဏ် ပြင်းပြင်းထန်ထန်ခံစားရသည့် နန်းမယ်ခုံ၌ မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကို Karenni Nationalities Defense Force - KNDF BO1 က တွေ့ရှိခဲ့ကြသည်။

 မပေါက်ကွဲသေးသည့်ဗုံးမှာ ဖေဖော်ဝါရီလ(၂၅)ရက်နေ့က  လေယာဉ်ဖြင့်ဗုံးလာကြဲစဉ်က ကျွန်းတောရွာအနီး အိမ်တစ်တစ်အိမ်၌ ကျခဲ့သည့်ဗုံးဖြစ်ကြောင်း သိရသည်။

 

အာဏာသိမ်းစစ်ကောင်စီတပ်က အရပ်သားနေရာ၊ စစ်ဘေးရှောင်စခန်းပါမကျန် လေကြောင်း၊ ကုန်းကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေသဖြင့်  နန်းမယ်ခုံမှ ဒီမောဆိုမြို့အထိ တလျှောက်လုံးရှိကျေးရွာများမှ ဒေသခံများ အတတ်နိုင်ဆုံး၊ အမြန်ရွှေ့ပြောင်းနေထိုင်ကြပေးကြရန်လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ခွဲ (၁) (Karenni Nationalities Defense Force - KNDF BO1)က မေတ္တာရပ်ခံထားသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီက ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့မှစ၍ ရှမ်း -ကရင်နီနယ်စပ် မိုးဗြဲနှင့် ဒီးမော့ဆိုမြို့နယ်အတွင်းကို ကုန်းကြောင်း၊ လေကြောင်းမှ ပြင်းပြင်းထန်ထန် ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေမှုအတွင်း အရပ်သားနေရာများ၊ စစ်ဘေးရှောင်နေရာများကိုပါမရှောင် တိုက်ခိုက်နေသည်ကို တွေ့ရပြီး ထိုးစစ်ကိုခုခံနေသည့် တော်လှန်ရေးအဖွဲ့များက စစ်ဘေးရှောင်များကိုပါ ကူညီပေးနေသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်းမှပါ ဆက်တိုက် တိုက်ခိုက်နေမှုကို ခုခံနေသည့် တော်လှန်ရေးအဖွဲ့များက ပြည်တွင်း ပြည်ပမှ နိုင်ငံသားများအနေဖြင့် စစ်ဘေးရှောင်များအရေးနှင့် တော်လှန်ရေးကို အကူအညီပေးကြရန် မေတ္တာရပ်ခံထားကြသည်ကိုလည်း တွေ့ရသည်။