ဒီးမော့ဆိုမြို့နယ်အတွင်း ဒေါငံခါးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၃)ဦးအထက် သေဆုံး၊ အသက်(၇၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ထား

Photo: DMO-Local PDF
Photo: DMO-Local PDF
ဒီးမော့ဆိုမြို့နယ်အတွင်း ဒေါငံခါးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၃)ဦးအထက် သေဆုံး၊ အသက်(၇၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ထား
မေ 1, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း ဒေါငံခါးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အနည်းဆုံး (၃)ဦးအထက် သေဆုံးပြီး (၅)ဦး ဝန်းကျင် ပြင်းထန်ဒဏ်ရာရရှိသွား၍ ညပိုင်းတွင် လူနေအိမ်တစ်လုံးကို မီးရှို့သွားကြောင်း သိရသည်။

ဒီးမော့ဆို(DMO-Local PDF)တပ်ဖွဲ့၏ ဗျူဟာ(၁) A,B,F,J တပ်ရင်းများရှိ တပ်ခွဲ့အချို့၊ အလယ်ပိုင်းတိုင်း(၁၁၀၂)တပ်ရင်း၏ တပ်ခွဲအချို့ နှင့် KRU တပ်ဖွဲ့တို့ ပူးပေါင်းပြီး ၂၀၂၂ခုနှစ် ဧပြီလ(၃၀)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ကြားဖြတ်တိုက်ပွဲ ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် အထိနာ သေဆုံး သွားသည့် စစ်ကောင်စီတပ်က ည(၉)နာရီတွင် ကျေးရွာအတွင်းရှိ ပြည်သူ၏ နေအိမ်(၁)အိမ်ကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ကြောင်း သိရသည်။

 အသက်(၇၃)နှစ်အရွယ် ဒေါ်ရောဇာ(ခ)မူသူး ၏ ရုပ်အလောင်း

ဒီးမော့ဆို(DMO-Local PDF)တပ်ဖွဲ့ အပါအဝင် ပူးပေါင်းအဖွဲ့သည် နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် ဧပြီလ(၂၉)ရက်နေ့က စစ်ကောင်စီတပ်မှ ရက်စက်စွာ သတ်ဖြတ်သွားသည့် အသက်(၇၃)နှစ်အရွယ် ဒေါ်ရောဇာ(ခ)မူသူး ၏ ရုပ်အလောင်းကိုလည်း တွေ့ရှိရကြောင်း သိရသည်။

 

အဆိုပါ အလောင်းကို ဧပြီလ(၃၀)ရက်နေ့တွင် ပြန်လည်သယ်ဆောင်လာခဲ့ပြီး သင်္ဂြိုဟ်ပေးခဲ့ကြောင်း နှင့် နယ်မြေရှင်းလင်းစဉ်က အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်ဝတ်စုံ နှင့် ခဲယမ်းအချို့ကိုလည်း ထပ်မံသိမ်းဆည်းရခဲ့သည်ဟု ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားရှိသည်။

#TachileikNewsAgency