ရှမ်းတိုင်းရင်းသားဝါရင့် နိုင်ငံရေးသမားကြီး ဦးခွန်ထွန်းဦး၏ ရုပ်အလောင်းကို မေလ(၂)ရက်နေ့တွင် ရေဝေးသုသာန်၌  ရှမ်းဓလေ့ထုံးစံနှင့်အညီ မီးသင်္ဂြိုဟ်မည်

 ရှမ်းတိုင်းရင်းသားဝါရင့် နိုင်ငံရေးသမားကြီး ဦးခွန်ထွန်းဦး၏ ရုပ်အလောင်းကို မေလ(၂)ရက်နေ့တွင် ရေဝေးသုသာန်၌  ရှမ်းဓလေ့ထုံးစံနှင့်အညီ မီးသင်္ဂြိုဟ်မည်

 နာမည်ကျော်ကြား ထင်ရှားသည့်  ရှမ်းတိုင်းရင်းသားဝါရင့်နိုင်ငံရေးသမားကြီး တစ်ဦးဖြစ်သူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီ၏ ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦး၏ ဈာပနာအခမ်းအနားကို ရန်ကုန်မြို့ရေ ရေဝေးသုသာန်တွင် ၂၀၂၂ခုနှစ် မေလ(၂)ရက်နေ့ ညနေ(၅)နာရီတွင် ပြုလုပ်ပြီး ရှမ်းဓလေ့ထုံးစံနှင့်အညီ မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း ကျန်ရစ်သူ မိသားစုများက အသိပေးထားရှိသည်။

 ဦးခွန်ထွန်းဦးသည် ၂၀၂၂ခုနှစ် ဧပြီလ(၃၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ၎င်း၏ နေအိမ်ဖြစ်သည့် ရန်ကုန်၊ မရမ်းကုန်မြို့နယ်၊ (၉)မိုင်၊ (၅)ရပ်ကွက်၊ အမှတ်(၂၆) ပြည်လမ်းရှိ နေအိမ်တွင် နေအိမ်စဉ် ကွယ်လွန်သွားခြင်း ဖြစ်သည်ဟု သိရသည်။



ဦးခွန်ထွန်းဦးသည် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်၌ ၁၉၄၃ ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၉၈၈ လူထုအရေးတော်ပုံကာလ နောက်ပိုင်းတွင် SNLD ပါတီကို ဦးဆောင်ထူထောင်ခဲ့ကာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး  ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၌ သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ SNLD ပါတီကိုယ်စားပြု၍ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ  ခိုင်လုံမဲ(၅၂၆၈)မဲ၊ စုစုပေါင်း မဲရာခိုင်နှုန်း (၄၉.ဝ၁)ဖြင့် အနိုင်ရရှိပြီး လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာခဲ့သည်။

၂၀၀၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) တွင် SNLD ၏ ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သည်။

၂၀၀၅ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရက နိုင်ငံတော် ပုန်ကန်မှု(သစ္စာဖောက်မှု)ဖြင့် ဦးခွန်ထွန်းဦးကို ထောင်ဒဏ် အနှစ် ၉၀ ကျော် ချမှတ်ကာ ပူတာအို အကျဉ်းထောင် နှင့် တောင်ငူအကျဉ်းထောင်သို့ပို့ခံခဲ့ရပြီးနောက်  ဦးသိန်းစိန် အစိုးရ လက်ထက်၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။

၂၀၁၅ခုနှစ်တွင် ပါတီအား ပြန်လည်မှတ်ပုံတင်ပြီး  ရွေးကောက်ပွဲတွင် ၎င်းကိုယ်တိုင် ဝင်ရောက်အရွေးမခံတော့ဘဲ ပါတီမှ ကိုယ်စားလှယ်လောင်းများဖြင့် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ရာ တိုင်းရင်းသားပါတီများထဲတွင် ရွေးကောက်ခံအများစုရရှိခဲ့သည့် အင်အားကြီးပါတီတစ်ခု ပြန်ဖြစ်လာခဲ့ပြီး ၂၀၁၈ခုနှစ်တွင် ဦးခွန်ထွန်းဦးသည်  SNLD ပါတီ ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ရန် ကြိုးပမ်းခဲ့သော်လည်း ပါတီခေါင်းဆောင်များက မေတ္တာရပ်ခံသည့်အတွက်  SNLD ပါတီ၏ ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ပြီးနောက် အသက်အရွယ်ကြီးရင့်လာသဖြင့် ကျန်းမာရေးအရ ၂၀၂၁ ခုနှစ်တွင် ပါတီမှနုတ်ထွက်ကာ နိုင်ငံရေး လောကမှ အနားယူခဲ့သူဖြစ်သည်။

ဦးခွန်ထွန်းဦးသည် ၁၉၆၇ ခုနှစ်မှ ၁၉၇၇ ခုနှစ် အထိ အင်ဒိုနီးရှားသံရုံး စစ်သံမှူး၏ ကိုယ်ရေးအရာရှိအဖြစ် လည်းကောင်း ၁၉၈၄ ခုနှစ်တွင် နိုင်ငံတကာ သတင်းစာ ဖြန့်ချိရေးကုမ္ပဏီ၊ ဂျပန် Overseas Courier Service (အိုစီအက်စ်)၏ သတင်းစာ ဖြန့်ချိရေး ကိုယ်စားလှယ် အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သေးသည်။