လေတပ်မှ ဗိုလ်ကြီး တစ်ဦး နှင့် လေကြောင်းရန်ကာကွယ်ရေးတပ်မှ တပ်သားတစ်ဦး တို့ ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ချိတ်ဆက်ပြီး CDM ပြုလုပ်

 လေတပ်မှ ဗိုလ်ကြီး တစ်ဦး နှင့် လေကြောင်းရန်ကာကွယ်ရေးတပ်မှ တပ်သားတစ်ဦး တို့ ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ချိတ်ဆက်ပြီး CDM ပြုလုပ်

အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်မှ ဗိုလ်ကြီးတစ်ဦး နှင့် လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းမှ တပ်သားတစ်ဦး  ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ချိတ်ဆက်ကာ CDM ပြုလုပ်လာပြီး လွတ်မြောက်နယ်မြေ တစ်နေရာသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း  ပြည်သူ့ပန်းတိုင်အဖွဲ့က ယနေ့ ၂၀၂၂ခုနှစ် မတ်လ(၃)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

လေတပ်မှ CDM ပြုလုပ်လာသူမှာ ဗိုလ်ကြီး မုတ်သုံ ဖြစ်ပြီး လေကြောင်းရန်ကာကွယ်ရေးတပ်မှ CDM ပြုလုပ်လာသူမှာ တပ်သား သီဟနိုင်ဖြစ်ကာ ၎င်းသည် MA-3 သေနတ်(၂)လက်နှင့်အတူ CDM ပြုလုပ်လာခြင်း ဖြစ်ကြောင်း သိရသည်။

သူတို့ဟာ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ ချိတ်ဆက် ကူညီဆောင်ရွက်ပေးမှုဖြင့် လွတ်မြောက်နယ်မြေတခုကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ အလားတူ ၂၀၂၁ ဧပြီလကတည်းက ပြည်သူ့ဘက် ရပ်တည်ခဲ့ပြီး ခက်ခက်ခဲခဲ ပုန်းရှောင်နေခဲ့ရတဲ့ တပ်ကြပ်ကြီးနောင်ရိုးဟာလည်း ပြည်သူ့ပန်းတိုင်အဖွဲ့နဲ့ ချိတ်ဆက်တာကြောင့် လွတ်မြောက်နယ်မြေတခုကို ကူညီပို့ဆောင်ပေးခဲ့ပါတယ်။ သူတို့ကိုလည်း ပြည်သူ့ပန်းတိုင်အဖွဲ့က မကြာခင်မှာ ပြည်သူလူထုနဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က ဆိုသည်။

 ပြည်သူ့ပန်းတိုင်အဖွဲ့၏ ဖော်ပြချက်များအရ CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်မှ စစ်သားများအနက် အရာရှိများအနေဖြင့် လေတပ်မှ အရာရှိ (၃)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။