မိုင်းဆတ် နှင့် ကျိုင်းတုံ အကျဉ်းထောင်တို့မှ အကျဉ်းသား (၄၇၁)ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးထား

မိုင်းဆတ် နှင့် ကျိုင်းတုံ အကျဉ်းထောင်တို့မှ အကျဉ်းသား (၄၇၁)ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးထား
ဖေဖော်ဝါရီ 14, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ကျိုင်းတုံအကျဉ်းထောင်နှင့် မိုင်းဆတ်အကျဉ်းထောင်တို့တွင် အကျဉ်းသား စုစုပေါင်း (၄၇၁)ဦးကို ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ပြည်ထောင်စုနေ့က အာဏာသိမ်းစစ်အစိုးရမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးထားကြောင်း သိရသည်။

မိုင်းဆတ် နှင့် ကျိုင်းတုံ အကျဉ်းထောင်မှ လွှတ်ပေးလာသည် (၄၇၁)ဦးတွင် အမျိုးသား (၃၈၄)ဦး နှင့် အမျိုးသမီး(၈၇)ဦး ပါဝင်ရာတွင် ထိုင်းနိုင်ငံသား (၁)ဦး နှင့် တရုတ်နိုင်ငံသား (၁)ဦး ပါဝင်ကြောင်း သိရသည်။

မိုင်းဆတ်အကျဉ်းထောင်မှ လွှတ်ပေးလိုက်သည့် အကျဉ်းသားများတွင် တာချီလိတ်မြို့မှ (၂၃)ဦး၊ မိုင်းဖြတ်မြို့မှ (၁)ဦး၊ ကျိုင်းတုံမြို့မှ (၁၂)ဦး၊ မိုင်းယောင်းမြို့မှ (၁)ဦး၊ တာလေမြို့မှ (၁)ဦး၊ မိုင်းတုံမြို့မှ (၂၀)ဦး နှင့် ကျန်လူများမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် အခြားတိုင်းနှင့်ပြည်နယ်များမှ ဖြစ်ကြသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် နိုင်ငံခြားသားများ အပါအဝင် စုစုပေါင်း(၂၃,၃၁၄)ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးထားခြင်း ဖြစ်သည်။

 Tachileik News Agency