တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ်(၁)တံတား လတ်တလော ဖွင့်လှစ်နိုင်ခြင်း မရှိသေး

၂၅.၄.၂၀၂၂ နေ့ တွင် မယ်ဆိုင်ဘက် ဆွေးနွေးနေကြစဉ်
၂၅.၄.၂၀၂၂ နေ့ တွင် မယ်ဆိုင်ဘက် ဆွေးနွေးနေကြစဉ်
တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ်(၁)တံတား လတ်တလော ဖွင့်လှစ်နိုင်ခြင်း မရှိသေး
ဧပြီ 25, 2022 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြား ချစ်ကြည်ရေးအမှတ် (၁)တံတား ဖွင့်လှစ်နိုင်မည့် အခြေအနေ၏ လေ့လာဆန်းစစ်မှု တွေ့ရှိချက်ကို ယနေ့ ၂၀၂၂ ခုနှစ် ဧပြီလ (၂၅) ရက်နေ့တွင် မယ်ဆိုင်ဘက်၌ မယ်ဆိုင်ဌာနဆိုင်ရာ နှင့် လုပ်ငန်းရှင်များ ဆွေးနွေးမှုအရ လတ်တလောဖွင့်လှစ်နိုင်ခြင်းမရှိသေးဘဲ နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းမှုများလည်း လုပ်ဆောင်ရန် လိုအပ်နေဆဲဖြစ်သည်ဟု သိရသည်။

တာချီလိတ် - မယ်ဆိုင်ကြား နှစ်နိုင်ငံ ချစ်ကြည်ရေးအမှတ် (၁)တံတား ကို COVID 19 ထိန်းချုပ်ရေးအတွက် ထိုင်းနိုင်ငံဘက်က ပိတ်ထားသည်မှာ (၂)နှစ်ကျော်လာပြီဖြစ်၍ ထိုင်းဘက် စီးပွားရေးထိခိုက်၍ ပြန်လည်ဖွင့်လှစ်နိုင်ရန် ချင်းရိုင်းခရိုင်ကုန်သည်များက စုပေါင်းတင်ပြမှုအပေါ် ထိုင်းတာဝန်ရှိသူများက လေ့လာဆန်းစစ်သည့်လုပ်ငန်းအဖွဲ့ဖြင့် တံတား ဖွင့်နိုင်မည့် အခြေအနေကို ဆန်းစစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဘက်မှ ကုန်သည်များ အပါအဝင် ပုဂ္ဂလိကနှင့်အစိုးရ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ ပါဝင်သည့် ဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ် ဧပြီလ (၂၁)ရက်နေ့က မယ်ဆိုင်မြို့ရှိ  မဲခေါင်ဒဲလ်တာဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့ ဧပြီလ (၂၅) ရက်နေ့တွင် ထပ်မံဆွေးနွေးခြင်းဖြစ်သည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၁)အား ပြန်လည်ဖွင့်လှစ်ပေးပြီး COVID 19 ကာကွယ်ဆေး (၂)ကြိမ်ထိုးနှံထားပြီးသူများကို COVID 19 စစ်ဆေးမှုပြုလုပ်ကာ တစ်နေ့လျှင် လူဦးရေ (၂၀၀၀) အကန့်အသတ်ဖြင့် ဝင်ထွက်ခွင့်ပေးရန်နှင့် တံတား (၁) ဖွင့်လှစ်ပါက ကုန်တင်ယာဉ်များကို လက်ရှိအတိုင်း တံတား (၂)မှသာ ဖြတ်သန်းခွင့်ပေးရန်နှင့် တံတား (၂)ကို နံနက် (၆)နာရီမှ ည (၁၀)နာရီအထိ ခွင့်ပြုရန် ကုန်သည်များက တင်ပြထားသည်ဟု သိရသည်။

အဆိုပါ တင်ပြချက်နှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများက နယ်စပ်ဒေသများတွင် COVID 19 ဖြစ်ပွားနှုန်းနှင့် ထိန်းချုပ်နိုင်မှု အခြေအနေများအပေါ် လေ့လာသုံးသပ်ပြီး ပြန်လည်ဆွေးနွေးနေကြခြင်းဖြစ်သည်။

တံတားပြန်လည်ဖွင့်လှစ်မှုနှင့် ပတ်သက်၍ နှစ်နိုင်ငံဆွေးနွေးရန် လိုအပ်မည်ဖြစ်သည့်အပြင် ထိုင်းဘက် ဆီးစစ်ပါက မြန်မာဘက်က ပြန်လည်၍ ဆီးစစ်ခြင်းကဲ့သို့ ထိုင်းဘက်တွင် လုပ်သည့် နည်းတူ မြန်မာဘက်က ပြန်လည်တုန့်ပြန် လုပ်ဆောင်မှုများလည်းရှိမည်ဟု မြန်မာအာဏာသိမ်းစစ်တပ်မှ တာချီလိတ်စစ်ဗျူဟာမှူးက  ရက်ပိုင်းအတွင်းက ပြောကြားထားသည်ကိုလည်း တွေ့ရသည်။

အဆိုပါ တံတား ဖွင့်လှစ်မည့် အခြေအနေ နှင့်ပတ်သက်ပြီး မေလ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဟု ပြောဆိုနေကြသော်လည်း ချစ်ကြည်ရေး တံတား ဖွင့်လှစ်ရေးကို ထိုင်းဘက်သာ ကနဦး အနေဖြင့် ဌာနဆိုင်ရာနှင့်လုပ်ငန်းရှင်အကြား ဆွေးနွေးမှုများသာရှိနေပြီး တာချီလိတ် - မယ်ဆိုင်အဆင့် တွေ့ဆုံ ဆွေးနွေးမှုများ မရှိသေးဟု သိရသည်။