မကွေးမြို့တွင် ၅၀၅ က ဖြင့် အမှုဖွင့်ခံထားရသည့် လုပ်ငန်းရှင်တစ်ဦး၏ ဆိုင်နှင့်နေအိမ်ကို အာဏာသိမ်းစစ်တပ်က ချိတ်ပိတ်

မကွေးမြို့တွင် ၅၀၅ က ဖြင့် အမှုဖွင့်ခံထားရသည့် လုပ်ငန်းရှင်တစ်ဦး၏ ဆိုင်နှင့်နေအိမ်ကို အာဏာသိမ်းစစ်တပ်က ချိတ်ပိတ်
နိုဝင်ဘာ 10, 2021 | အခြားဒေသများ

မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် အာဏာသိမ်းစစ်တပ်က ၅၀၅ က ဖြင့် အမှုဖွင့်ခံထားရသည့် လုပ်ငန်းရှင်တစ်ဦး၏ ဆိုင်နှင့်နေအိမ်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့ ညပိုင်းတွင် အာဏာသိမ်းအဖွဲ့က လာရောက်ချိတ်ပိတ်သွားကြောင်း သိရသည်။

မကွေးမြို့က ဟင်္သာညီနောင်ကောဇောဆိုင်ကို မနေ့က ည ၉ နာရီ ၄၅ မိနစ်မှာ စစ်တပ်က ချိတ်ပိတ်သွားပါတယ်။ အဲဒီဆိုင်ပိုင်ရှင်က ၅၀၅ က နဲ့ဝရမ်းထုတ်ထားခံရတဲ့ ဦးဇော်မိုးပိုင်တာပါ။ သူက ပါတီဝင်လည်း မဟုတ်ပါဘူး

ဟု မကွေးဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

မကွေးမြို့ မင်းထီးလမ်းရှိ ဟင်္သာညီနောင်ကော်ဇောဆိုင်ဖွင့်ထားသည့် ဦးဇော်မိုး၏ နေအိမ်နှင့်ဆိုင်ခန်းကို ညပိုင်းတွင် လာရောက်ချိတ်ပိတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ယင်းနေ့မှာပင် NLD မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုသန်း၏  မိဘများပိုင် မကွေးမြို့ရှိနေအိမ်ကိုလည်း အာဏာသိမ်းအဖွဲ့က ချိတ်ပိတ်သွားခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့သည် နိုဝင်ဘာလ (၉) ရက်နေ့ တစ်ရက်အတွင်း မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုသန်း၏ မကွေးမြို့ရှိ မိဘများနေအိမ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ရဲထွဋ်ဇော်၏ မင်းလှမြို့ရှိနေအိမ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၏ ပွင့်ဖြူမြို့ရှိ နေအိမ်နှင့် မကွေးမြို့မှ လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးဇော်မိုး၏ နေအိမ်တို့ကို ချိတ်ပိတ်ခဲ့ခြင်းဖြစ်သည်။