သထုံမြို့နယ်အတွင်း ကမာစိုင်ကွက်သစ်ရှိ စစ်ကောင်စီတပ်၏ ကင်းပုန်းကို KNLA နှင့် PDF တို့ပူးပေါင်း တိုက်ခိုက်

သထုံမြို့နယ်အတွင်း ကမာစိုင်ကွက်သစ်ရှိ စစ်ကောင်စီတပ်၏ ကင်းပုန်းကို KNLA နှင့် PDF တို့ပူးပေါင်း တိုက်ခိုက်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကမာစိုင်ကွက်သစ်ရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ ကင်းပုန်းအား KNLA နှင့် PDF ပူးပေါင်းအဖွဲ့တို့က  မေလ(၁၁)ရက်၊ နံနက်ပိုင်းက လက်နက်ကြီးများဖြင့်သွား ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဘီးလင်း ပ.က.ဖ က သတင်းထုတ်ပြန်ထားသည်။

ကမာစိုင်ကွက်သစ်ရှိ စစ်ကောင်စီတပ်၏ကင်းပုန်းအား KNLA တပ်မဟာ(၁) တပ်ရင်း(၂)၊ သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအင်အားစု(TPDF)နှင့် ဘီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တို့ ပူးပေါင်းပြီး လက်နက်ကြီးလက်နက်ငယ်များဖြင့်  နံနက်(၁၁)နာရီမှ ‌(၁၂)နာရီအထိ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘက်မှ အထိခိုက်ကျဆုံးရှိနိုင်ပြီး အတိကျ မသိရသေးဟု သိရသည်။

ဒါ့အပြင် ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးတွင်လည်း ယနေ့နံနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်း PDF တပ်ဖွဲ့တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"မနေ့ကတိုက်ပွဲဖြစ်တဲ့ အင်္ဂဘိုရွာကို ဒီနေ့စစ်ခွေးတွေ ရောက်လာပြီး လမ်းကြောင်းလာရှင်းတယ်။ လာရှင်းတော့ ဒီနံနက်ပိုင်းမှာ ရာဘာခြံ အလုပ်သမားတွေကိုခေါ်ပြီးတော့  နှိပ်စက်စစ်ဆေးနေလို့ KNLA ရယ် PDF ပူးပေါင်းအဖွဲ့က သွားတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး သေဆုံး၊ ဒဏ်ရာရအခြေအနေတာ့ မသိရသေးဘူး။"ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးက Tachileik News Agency ကို ပြောသည်။

ယမန်နေ့ မေလ(၁၀)ရက်နေ့က ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးတွင် ‌စစ်တောင်းတံတားဘက်မှ ကျိုက်ထိုဘက်သို့ ဦးတည်မောင်းနှင်လာသည့် အာဏာသိမ်းစစ်ကောင်တပ်၏ စီယာဉ်တန်းကို အနီးကပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကား(၂)စီး ပျက်စီးပြီး (၁)ဦးသေ‌ခဲ့သည်။

(၁၃)စီးပါ စစ်ကောင်စီယာဥ်တန်းကို အင်္ဂဘိုကျေးရွာတွင် KNLA တပ်မဟာ(၁)၏ တပ်ရင်း(၃)က တိုက်ခိုက်ပြီးနောက် ဆက်ထွက်လာသည့် ယင်းယာဉ်တန်းကို KNLA တပ်ရင်း(၂)၏ တပ်ခွဲ(၂)နှင့် ဘီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တို့က ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။