အာဏာသိမ်းစစ်ကောင်စီက ဓနုတပ်(Danu Army) ဖွဲ့စည်းရန် ဓနုအမျိုးသားရေးအမည်ခံ ပါတီလူကြီးနှင့် အပေါင်းအပါများအကူအညီဖြင့် ကြိုးပမ်းနေ

အာဏာသိမ်းစစ်ကောင်စီက ဓနုတပ်(Danu Army) ဖွဲ့စည်းရန် ဓနုအမျိုးသားရေးအမည်ခံ ပါတီလူကြီးနှင့် အပေါင်းအပါများအကူအညီဖြင့် ကြိုးပမ်းနေ
ဧပြီ 21, 2022 | ရှမ်းတောင်

 ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က ဓနုတပ် (Danu Army) ဖွဲ့ရန်ဟုဆိုကာ လူစုဆောင်းမှုများလုပ်နေသည်ဟု ဒေသတွင်းသတင်းဌာန Voice of Pindaya ၏ သတင်းဖေါ်ပြချက်အရ သိရသည်။

"ဒေသခံ လူမျိုးအချင်းချင်း ပြန်တိုက်ခိုက်ခိုင်းတဲ့ ဗျူဟာကို စကစ က ပေါ်ပေါ်တင်တင် သုံးစွဲလာပြီဖြစ်တယ်။ ကျွန်တော်တို့ စိုးရိမ်တာက ဓနုတပ်(Danu Army)ဆိုပြီး ဓနုပြည်သူတွေက မျှော်လင့်နေကြပေမဲ့ အခု ဖွဲ့မယ့်တပ်က ဓနုလူမျိုးကို ကိုယ်စားမပြုဘဲ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ် (ပြည်သူ့စစ်) ဖြစ်တယ်ဆိုတာကို ဒေသခံပြည်သူတွေ မသိနားမလည်လိုက်မှာကို စိုးရိမ်မိတယ်။ ဒီဗျူဟာသာအောင်မြင်သွားမယ်ဆိုရင်  ဓနု​ ဒေသခံလူမျိုး အချင်းချင်း ပြန်လည်တိုက်ခိုက်ကြပြီး စစ်ကောင်စီက အလွယ်တကူအုပ်ချုပ်သွားမှာ" ဟု ဒေသခံတစ်ဦးက ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ဓနုတပ်( Danu Army) ဖွဲ့စည်းမည့် အစီအစဉ် အကောင်အထည်ဖေါ်ရေးအတွက် ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(DNDP) ထိပ်တန်းခေါင်းဆောင် တချို့၊ ဒေသခံစီးပွားရေးသမားတစ်ချို့နှင့် PNOအဖွဲ့ တို့က ကူညီပေးနေသည်ဟု ဒေသခံအချို့က ဆိုသည်။

အဆိုပါ ပြည်သူ့စစ်အသွင်တပ်ဖွဲ့ ဖွဲ့စည်းရေးအတွက် တစ်ရွာလျှင် အနည်းဆုံး (၁၃)ဦး စုစည်းရမည်ဟု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကတစ်ဆင့် စာပို့စည်းရုံးနေသည်ဟု သိရသည်။



"အဓိက က စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီး(ပြည်သူ့စစ်) ဖွဲ့တာပါဗျာ။ အဲဒါကို နာမည်လျှောက်တပ်နေတာ။ ရွာသားတွေကို မျက်စိလည်အောင်လုပ်နေတာပါဗျာ။ ဓနုလူမျိုးရဲ့ အကြီးအကဲတွေ၊ ပါတီလူကြီးတွေဟာ ဘယ်တုန်းကမှ လူမျိုးစုအရေးကို ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ကြတဲ့သူတွေ မဟုတ်တဲ့အပြင် ကိုယ့်အကျိူးစီးပွားနေရာ ရဖို့အတွက်အကြမ်းဖက် စစ်​ကောင်စီနဲ့ပေါင်းပြီး ဒေသခံပြည်သူတွေကို ပေါ်ပါ်တင်တင် ချနင်းနေပြီလို့ " ဟု ရွာသားတစ်ဦးက​ ပြောသည်။

ဓနုဒေသတွင်း သတင်းစီးဆင်းမှုအားနည်းသည့် အတွက် အာဏာသိမ်း တပ်ဖွဲ့စည်းမည့် ဓနုတပ်ကို လူမျိုးစုတပ်ဟု ထင်မြင်ပြီး ဝင်ရောက်လို သူများပြားနေသည်ဟု ဒေသခံအချို့ထံမှ သိရသည်။

ပြီးခဲ့သည့် လကတည်းက ဓနုဒေသတွင် စစ်ကောင်စီခန့် ဒေသဥက္ကဋ္ဌက ဦးအာကာလင်း ဦးဆောင်ပြီး ပျူစောထီးဖွဲ့ရန် လိုက်လံစည်းရုံးမှုများ ပြုလုပ်ရာတွင်လည်း ပျူစောထီးဖွဲ့ရန်ဟု မသုံးစွဲဘဲ ကာကွယ်ရေးတပ်ဖွဲ့အသွင် ဓနုတပ်အသွင် ပြောဆိုစည်းရုံးနေသည်ဟု ဒေသခံများထံမှ သိရသည်။