စစ်ကောင်စီတပ် ခမရ ၅၅၃ စစ်ကြောင်းက နမ့်စန်မြို့နယ်အတွင်း ကင်းတပ်စခန်းသစ် အတွက် ဒေသခံ (၁၀၀)ကျော်ကို အတင်းအဓမ္မစေခိုင်းကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် သတင်းထုတ်ပြန်

စစ်ကောင်စီတပ် ခမရ ၅၅၃ စစ်ကြောင်းက နမ့်စန်မြို့နယ်အတွင်း ကင်းတပ်စခန်းသစ် အတွက် ဒေသခံ (၁၀၀)ကျော်ကို အတင်းအဓမ္မစေခိုင်းကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် သတင်းထုတ်ပြန်
ဧပြီ 20, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်အတွင်း နောင်ဟီးကျေးရွာအုပ်စုအတွင်း ကျောက်မီးသွေးတွင်းကြီးနှင့် (၁)မိုင်အကွာတွင် စစ်ကောင်စီတပ်မှ ကင်းတပ်စခန်းအသစ် တည်ဆောက်ရေးအတွက် ဒေသခံပြည်သူ(၁၀၀)ကျော်ကို အတင်းအဓမ္မစေခိုင်းသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဧပြီလ(၁၉)ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်လာသည်။

၂၀၂၂ခုနှစ် မတ်လ(၂၉)ရက်နေ့နှင့် မတ်လ(၃၀)ရက်နေ့များက နမ့်မိုကျေးရွာမှ ရွာသူ ရွာသား (၁၀၆)ဦးသည် အာဏာသိမ်း စစ်ကောင်စီတပ်၏ အတင်းအဓမ္မခေါ်ယူ စေခိုင်းမှုကြောင့် ကင်းတပ်စခန်းအတွက် ကတုတ်ကျင်းတူးခြင်း၊ သစ်ဝါးများ ခုတ်ပေးရခြင်း နှင့် ခြံစည်းရိုးကာပေးရခြင်းများကို လုပ်ဆောင်ပေးခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ ကင်းတပ်စခန်းနေရာသည် တပ်ပိုင်မြေ မဟုတ်ဘဲ နမ့်မိုကျေးရွာနေ ပြည်သူတစ်ဦး၏ ယာမြေဖြစ်နေပြီး ယခုလို ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍လည်း ပိုင်ရှင်ကို ကြိုတင်အသိပေး ခွင့်တောင်ခြင်း မရှိသလို နစ်နာကြေးလည်း ပေးအပ်ခြင်းမရှိဟု ထုတ်ပြန်ဖော်ပြထားရှိသည်။

 

 ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ထုတ်ပြန်ချက်တွင် မတ်လ(၂၃)ရက်နေ့က တြိဂံဒေသတိုင်းစစ်ဌာနချုပ် လက်အောက်ခံ မိုင်းတွမ်းနယ်မြေအခြေချ အမှတ်(၅၅၃) ခြေမြန်တပ်ရင်းမှ အင်အား (၃၅)ဦး ပါသည့် စစ်ကြောင်းသည် နမ့်စန် - ခိုလမ်းကာလမ်းမကြီးမှ တဆင့် နောင်ဟီးကျေးရွာအုပ်စု ကွန်ဆိုင်းကျေးရွာသို့ ရောက်ရှိလာပြီးနောက်  ယာယီစခန်းချပြီး မတ်လ(၂၈)ရက်နေ့တွင် နမ့်မိုကျေးရွာသို့ ရောက်ရှိကာ ကျေးရွာအတွင်း နမ့်မိုဘုန်းကြီးကျောင်းတွင် ညအိပ်ပြီး ရွာသူကြီးအား ခေါ်ယူကာ အိမ်ထောင်စု တစ်စုလျှင် (၁)ဦး မဖြစ်မနေ တပ်စခန်းကို (၃)ရက်အတွင်း အပြီး တည်ဆောက်ပေးရန် ခိုင်းစေသည်ဟု ဖော်ပြထားရှိသည်။

ရွာသူ ရွာသားများမှာ လူအင်အား(၁၀၆)ဦးဖြင့် (၂)ရက်အတွင်း အပြီးလုပ်ရန် ဆုံးဖြတ်ခဲ့ကြပြီးနောက် စစ်ကောင်စီတပ်သားများသည် မတ်လ(၃၁)ရက်နေ့တွင် စခန်းသစ်နေရာသို့ ပြောင်းရွှေ့ခဲ့ကြသည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်အတွင်း ကျေးရွာများတွင် တပ်စခန်းသစ်များဆောက်လုပ်ကာ စစ်ရေးတိုးချဲ့မှုအသစ်များကြောင့် ဒေသခံများအပေါ် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ပိုမိုဆိုးရွားလာမည်ဟု ဒေသခံများက စိုးရိမ်နေကြကြောင်း  ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က အသိပေးထုတ်ပြန်ထားရှိသည်။

အာဏာသိမ်းစစ်ကောင်စီက နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုအတွင်း တူးဖော်ရန်ခွင့်ပြုထားသည့် စုစုပေါင်း ဧက (၅၀၀)ကျော် ကျယ်ဝန်းသည့် ကျောက်မီးသွေးတွင်း(၅)ခု ရှိနေပြီး အဆိုပါ  လုပ်ငန်းများကို မန္တလေးဖြန့်ချိရေးနှင့်သတ္တုတူးဖော်ရေးကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိထားပြီး ကျောက်မီးသွေးစမ်းသပ်မှုများကို မကြာမှီစတင်တော့မည်ဟု ဒေသအာဏာပိုင်များကို အဆိုပါ ကုမ္ပဏီက အကြောင်းကြားထားသည်ဟုလည်း သိရသည်။

ကျောက်မီးသွေးတူးဖော်မည့် ဧရိယာသည် ဒေသခံ တောင်သူလယ်သမားများ၏ စိုက်ပျိုးမြေများဖြစ်နေသည့်အတွက် ကျေးရွာသူ ကျေးရွာများက အထူးစိုးရိမ်နေလျက်ရှိသည်ဟုလည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ထုတ်ပြန်ထားသည်။

#TachileikNewsAgency