လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ RCSS/SSA က တပ်ဖွဲ့တွင်းအရေးယူမှု ပြုလုပ်မည်ဖြစ်ပြီး ရွေးကောက်ပွဲကာလ လုံခြုံရေးမစိုးရိမ်ရန် ပြောကြား

လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ RCSS/SSA က တပ်ဖွဲ့တွင်းအရေးယူမှု ပြုလုပ်မည်ဖြစ်ပြီး ရွေးကောက်ပွဲကာလ လုံခြုံရေးမစိုးရိမ်ရန် ပြောကြား
အောက်တိုဘာ 28, 2020
By Tachileik News Agency
လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ RCSS/SSA က တပ်ဖွဲ့တွင်းအရေးယူမှု ပြုလုပ်မည်ဖြစ်ပြီး ရွေးကောက်ပွဲကာလ လုံခြုံရေးမစိုးရိမ်ရန် ပြောကြား
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့က မဲရုံပစ္စည်းပို့ပြီး ပြန်လာသည့် လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုမှာ မတော်တဆ ဖြစ်ပွားခြင်းဖြစ်ပြီး အဆိုပါ ဖြစ်စဉ်ကြောင့် ရွေးကောက်ပွဲကာလ စိုးရိမ်မှု မဖြစ်ကြရန် RCSS/SSA က အောက်တိုဘာလ (၂၈)ရက်နေ့တွင် ပြောကြားလိုက်သည်။
"ပြည်သူလူထုတွေကရော နိုင်ငံရေးပါတီတွေရော သက်ဆိုင်ရာရွေးကောက်ပွဲတာဝန်ရှိသူတွေရော အားလုံး မပူပါနဲ့။ ဒါက ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်ဘဲ မတော်တဆဖြစ်သွားတာမို့ စိတ်မပူပါနဲ့လို့ ပြောချင်ပါတယ်"ဟု RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းအွဏ်ခေးက ပြောသည်။
မိုင်းပန်မြို့နယ်အတွက် ရွေးကောက်ပွဲ တာဝန်ကျသူများနှင့် ရွေးကောက်ပွဲအတွက် မဲရုံသုံးပစ္စည်းများ သွားပို့သည့် လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေနှင့်အဖွဲ့သည် မိုင်းပန်မြို့မှအပြန် (၁၀)မိုင်ခန့်အကွာ၌ မောင်းနှင်နေသည့် မော်တော်ယာဉ်အား သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနခွဲစာရေးတို့တွင် ဒဏ်ရာများ အသီးသီး ရသွားခဲ့ခြင်းဖြစ်သည်။
"မတော်တဆလို့ပဲ ဆိုရမှာပေါ့နော်။ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကလည်း ဟိုဘက်သွားမယ်ဆိုတာ ဆက်ဆံရေးရုံးမှာတော့ အကြောင်းကြားထားတယ်။ ပြီးတော့ ဆက်ဆံရေးရုံးကလည်း သက်ဆိုင်ရာတပ်ကို ဆက်သွယ်အကြောင်းကြားရတာ ကြားထဲက အချိတ်အဆက်လုပ်နေရတဲ့အချိန် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က သွားတာက နည်းနည်းလေးမြန်သွားတဲ့သဘောဖြစ်သွားတာ။ ကြားထဲက နည်းနည်းလေး ဟာသွားတဲ့အချိန်မှာ ရှေ့တန်းကရဲဘော်က လမ်းဖြတ်ကူးတဲ့အချိန် ကားကရုတ်တရက်ပေါ်လာတော့ အုပ်ချုပ်ရေးမှူးတို့ လာမယ်ဆိုတာကလည်း သတင်းလက်ခံရမိခြင်းမရှိသေးတဲ့အချိန် ရုတ်တရက်ဆိုတော့ ပစ်ခတ်မိသွားတယ်"ဟု RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းအွဏ်ခေးက  ပြောသည်။
RCSS/SSA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ရာ သက်ဆိုင်ရာမြို့များတွင် ဆက်ဆံရေးရုံးများဖွင့်လှစ်ထားပြီး ၎င်းတို့၏ လှုပ်ရှားနယ်မြေအတွင်း ဖြတ်သန်းသွားလာပါက ဆက်ဆံရေးရုံးများမှတစ်ဆင့် အကြောင်းကြားရခြင်းဖြစ်သည်။
အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်၍ RCSS/SSA က တပ်ဖွဲ့တွင်း စိစစ်အရေးယူမှုပြုလုပ်မည့်အပြင် နောက်နောင်တွင် အလားတူ မတော်တဆမှုမဖြစ်စေရေးအတွက်ကိုလည်း သတိထားဆောင်ရွက်မည်ဟု ဆိုသည်။
"ဘာပဲဖြစ်ဖြစ် တပ်(RCSS/SSA)ဘက်ကတော့ သက်ဆိုင်ရာ ရဲဘော်တွေ၊ တာဝန်ရှိတဲ့သူတွေကို သေချာစိစစ်ပြီးတော့ အဖွဲ့အစည်းရဲ့စည်းကမ်းချက်ရှိတဲ့အတိုင်း ကြီးလေးတဲ့ပြစ်ဒဏ်ပေးသွားမယ်လို့တဲ့ ကြားသိရတယ်။ ပြီးတော့ မဖြစ်ချင်တဲ့ ကိစ္စကြီးဖြစ်လာတော့ တော်တော်ကြီးကို စိတ်မကောင်း ဖြစ်တာပေါ့လေ။ အများအားလုံး အထင်အမြင် မလွဲစေချင်တာက ဒါက ဌာနချုပ် ဗဟိုက ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်မှုလုပ်တာမဟုတ်ကြောင်း ပြောချင်ပါတယ်။ ပြီးတော့ အရင်တုန်းကလည်း တပ်ဘက်ကရော၊ အရပ်ဖက်ဌာနပေါင်းစုံကရော ဘယ်အဖွဲ့ပဲဖြစ်ဖြစ် အကြောင်းကြားပြီး သွားလာတာမှာ အချိန်မီသတင်းပို့တာနဲ့ဆိုတော့ ဒီလိုတော့ တစ်ခါမှ မဖြစ်ဖူးသေးဘူးပေါ့နော်။ နောက်မှာလည်း ဒီလိုအဖြစ်မျိုးမဖြစ်အောင် သွားလာမယ့်အဖွဲ့တွေကလည်း ကျွန်တော်တို့ဘက်က ဆက်ဆံရေးရုံးဘက်က ဆက်သွယ်သတင်းပေးပို့တဲ့အချိန်မီဖြစ်အောင် အချိန်လေးနည်းနည်း ချောင်ချောင်ချိချိလေး ရှေ့တန်းကရဲဘော်တွေဆီ သတင်းပို့နိုင်တဲ့အချိန်လေးထိပေးရင် ပိုကောင်းမယ်ပေါ့နော်"ဟု RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းအွဏ်ခေးက  ပြောသည်။
လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနခွဲစာရေးတို့ကို တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံ၌ ကုသမှုခံယူနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~