ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်မြို့မှ မြိတ်မြို့သို့ပို့မည့် စိတ်ကြွရူးသွပ်ဆေးပြား (၁၅)သိန်းကို ရန်ကုန်တွင် ဖမ်းမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်မြို့မှ မြိတ်မြို့သို့ပို့မည့် စိတ်ကြွရူးသွပ်ဆေးပြား (၁၅)သိန်းကို ရန်ကုန်တွင် ဖမ်းမိ
By Tachileik News Agency

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့မှ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ ပို့ဆောင်မည့် စိတ်ကြွရူးသွပ်ဆေးပြား (၁၅)သိန်းနှင့်အတူ သယ်ဆောင်လာသူ၊ ပို့ဆောင်ပေးသူ၊ ပစ္စည်းပိုင်ရှင်နှင့် ပစ္စည်းလက်ခံမည့်သူများကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၄ )ရက်နေ့ တစ်နေ့အတွင်း ဖမ်းမိထားကြောင်း CCDAC က ဇန်နဝါရီလ (၁၆)ရက်နေ့၌ သတင်းထုတ်ပြန်သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ (၁၄) ရက်နေ့ နံနက် (၁) နာရီခန့်က သာစည်မြို့နယ်၊ ကျွဲတပ်ဆုံ X-Ray စက် စစ်ဆေးရေးနေရာတွင် တောင်ကြီးမှ ရန်ကုန်သို့  စိုင်းမင်းအောင်လှိုင် မောင်းနှင်လာသည့် ခရီးသည်တင်မှန်လုံမော်တော်ယာဉ်ကို စစ်ဆေးရာ ယာဉ်ပေါ်တွင် လူမဲ့တန်ဆာဖြင့် တင်ဆောင်လာသော ဆာလာအိတ်များအတွင်း လက်ဖက်ခြောက်များနှင့်ရောနှော၍ စိတ်ကြွရူးသွပ်ဆေးပြားထုပ်များ သိုဝှက်သယ်ဆောင်လာကြောင်းတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမော်တော်ယာဉ်အား ဖမ်းဆီးခြင်းမပြုသေးဘဲ ရဲတပ်ဖွဲ့ဝင်များက လျှို့ဝှက် လိုက်ပါစောင့်ကြည့်ရာ   ရန်ကုန်မြို့၊ အောင်မင်္ဂလာကားဝင်းသို့ နေ့လယ် (၁၂) နာရီခွဲဝန်းကျင်တွင်ရောက်ရှိချိန်၌ လူမဲ့တန်ဆာ ဆာလာအိတ်များကို လာရောက်ထုတ်ယူသူ သန်းဇော်ဦးအား AD VAN မော်တော်ယာဉ်တစ်စီးနှင့် အတူဖမ်းဆီးရမိခဲ့ပြီး ဆာလာအိတ်အတွင်းမှစိတ်ကြွရူးသွပ်ဆေးပြား (၅၁၀,၀၀၀) ပြားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တစ်ဆက်တည်းမှာပင် အဆိုပါ ဖမ်းမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများအား လက်ခံမည့် ရေခဲ(ခ)ကရင်အား မင်္ဂလာဒုံမြို့နယ်၊ (၃/ခ)ရပ်ကွက်၊ (၇)လမ်း၊ အမှတ်(၂၁)နေအိမ်တွင် ဖမ်းဆီးရမိလိုက်သည့်အပြင် ညနေပိုင်းတွင် ၎င်းထုတ်ယူရန်ကျန်ရှိနေသေးသည့် အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း အခြားယာဉ်လိုင်းကားဂိတ်ရှိ ဆာလာအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၉၉၀,၀၀၀) ပြားကိုပါ ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများအား လူမဲ့တန်ဆာ ပြုလုပ်၍ တောင်ကြီးမြို့ရှိ ကားဂိတ်များသို့ လာရောက်တင်ဆောင်ပေးသူ မနန်းမြစိန်(ခ) မခမ်းကိုလည်း ယင်းနေ့မှာပင် တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်၊ အရှေ့မြို့ပတ်လမ်းတွင် မော်တော်ယာဉ် (၁) စီးဖြင့် လည်းကောင်း၊ မူးယစ်ဆေးဝါးများ ပို့ဆောင်ခိုင်းသူ ခွန်ဌေးသန်း(ခ) ခွန်သူရ (ခ) ခွန်မောင်ပေအား ညနေ (၅) နာရီအချိန်ဝန်းကျင်တွင် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်တွင် မော်တော်ယာဉ် (၁) စီးဖြင့်လည်းကောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများပိုင်ရှင် အောင်ဇော်ထူးအား ည (၇) နာရီခွဲအချိန်တွင် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ဟိုတယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား (၃၄၀) ပြား၊ မော်တော်ယာဉ် (၁) စီးဖြင့်လည်းကောင်း အသီးသီး ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ယာဉ်မောင်း စိုင်းမင်းအောင်လှိုင်၊ မူးယစ်ဆေးများ လာရောက်ထုတ်ပေးသူ သန်းဇော်ဦး၊ မူးယစ်ဆေးလက်ခံသူ ရေခဲ(ခ)ကရင်၊ မူးယစ်ဆေးပို့ဆောင်ပေးသူ နန်းမြစိန်(ခ) မခမ်း၊ မူးယစ်ဆေး ပို့ဆောင်ခိုင်းသူ ခွန်ဌေးသန်း (ခ) ခွန်သူရ (ခ) ခွန်မောင်ပေနှင့် မူးယစ်ဆေးများပိုင်ရှင် အောင်ဇော်ထူးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency

ဓါတ်ပုံ - မူးယစ်တပ်ဖွဲ့