ဒီးမော့ဆိုမြို့နယ်အတွင်း (၄)ရက်တာ တိုက်ပွဲတွင် သေဆုံးအထိနာသည့် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားသည့် ကျေးရွာများအထိ လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်

ဒီးမော့ဆိုမြို့နယ်အတွင်း (၄)ရက်တာ တိုက်ပွဲတွင် သေဆုံးအထိနာသည့် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားသည့် ကျေးရွာများအထိ လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်
ဧပြီ 19, 2022 | ကယား

 ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် (၄) ရက်တာ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က လူအင်အားအများအပြား ထိခိုက်ပြီးနောက် လေယာဉ် (၃)စီးဖြင့်ပါ တိုက်ခိုက်သည့်အပြင် တိုက်ပွဲမဖြစ်ပွားသည့် ကျေးရွာဘက်ကို လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခြင်းများကိုလည်း လုပ်ဆောင်ကြောင်း သိရသည်။

ယင်း (၄) ရက်တာ တိုက်ပွဲအတွင်း အာဏာသိမ်းတပ်ဘက်မှ (၃၀)ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရကာ တော်လှန်ရေးအင်အားစုမှ စုစုပေါင်း ရဲဘော် (၆) ဦး ကျဆုံးခဲ့ရပြီး ရဲဘော် (၁၉) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ဧပြီလ (၁၁) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် ဥခုရီကျေးရွာ၌ KA ၊ KNDF ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က  လက်နက်ကြီးများ အလွန်အကျွံ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ပွဲတွင် KNDF တပ်ရင်း (၂)  ၊ တပ်ခွဲ (၄) မှ ရဲဘော် (၃)ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့ကာ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့် အာဏာသိမ်းတပ်ဘက်တွင်လည်း ထိခိုက်မှုများရှိကြောင်း သိရသည်။

ယင်းနောက် ဧပြီလ (၁၂)ရက်နေ့တွင် နောင်ပုလဲနှင့် ဦးခုရီကျေးရွာ၌ ဖြစ်ပွားသည့်တိုက်ပွဲတွင်  KNDF ရဲဘော် (၂)ဦး မစိုးရိမ်ရသည့်ဒဏ်ရာရရှိခဲ့ပြီး အာဏာသိမ်းတပ်က (၃၀)ဦးထက် မနည်း ထိခိုက်ဒဏ်ရာရသည်ဟု သိရသည်။

ယင်းသို့ အင်အားအများအပြား ထိခိုက်ပြီးနောက် ဧပြီလ (၁၃) ရက်နေ့တွင် အာဏာသိမ်းစစ်တပ်က KA/KNDF ပူပေါင်းတပ်ဖွဲ့၀င်များနှင့် ထိတွေ့တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်သည့်အပြင် လေယာဉ် (၃)စီးဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း  KNDF မှ ရဲဘော် (၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တပ်ရင်း (၂) မှ ရဲဘော် (၁) ဦး ၊တပ်ရင်း (၅)မှ ရဲဘော် (၂)ဦးတို့ လက်နက်ကြီးထိမှန်ကျဆုံးခဲ့ကာ အာဏာသိမ်းစစ်ကောင်စီတပ်ဘက်တွင်လည်း ထိခိုက်မှုများရှိသည်ဟု သိရသည်။

ယင်းနောက် ဧပြီလ (၁၄) ရက်နေ့တွင် နောင်ပုလဲကျေးရွာ၌ နယ်မြေရှင်းလင်းမှုပြုလုပ်ခဲ့ရာ နင်းမှိုင်းထိခိုက်မှုဖြစ်ပွားခဲ့သဖြင့် KNDF တပ်ရင်း(၂) မှ ရဲဘော် (၁)ဦး ၊ KIB မှရဲဘော် (၁)ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က လူနေရပ်ကွက်များဘက် ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုလည်းဖြစ်ပွားခဲ့သည်ဟု  သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်အတွင်း နေ့စဉ် ထိုးစစ်ဆင်နေပြီး လေကြောင်းဖြင့်ပါ ပစ်ခတ်မှုများကြောင့် ကျေးရွာများနေ ပြည်သူများမှ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

 

Photo: KNDF B03