လွိုင်ကော် နှင့် ဖယ်ခုံမြို့တို့ရှိ ဘာသာရေးအဆောက်အုံများကို အာဏာသိမ်းအကြမ်းဖက်အဖွဲ့က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသန်း ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ (၄)ဦး သေဆုံးပြီး (၈)ဦး ဒဏ်ရာရ

လွိုင်ကော် နှင့် ဖယ်ခုံမြို့တို့ရှိ ဘာသာရေးအဆောက်အုံများကို အာဏာသိမ်းအကြမ်းဖက်အဖွဲ့က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသန်း ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ (၄)ဦး သေဆုံးပြီး (၈)ဦး ဒဏ်ရာရ
မေ 24, 2021 | ကယား

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နှင့် ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းရှိ ခရစ်ယာန်ဘာသာရေးအဆောက်အအုံများကို အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ၂၀၂၁ခုနှစ် မေလ(၂၃)ရက်နေ့က အကြောင်းမဲ့ ရမ်းသန်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ (၄)ဦး ကျည်ထိမှန် သေဆုံးသွားပြီး (၈)ဦးဒဏ်ရာရရှိကြောင်း သိရသည်။ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့ရှိ ရွှေနှလုံးတော်ဘုရားကျောင်းကို အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် အကြောင်မဲ့ ပစ်ခတ်မှုကြောင့် တံခါး များနှင့် ပျက်ဆီးမှုများဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ဘဲ ကယားပြည်နယ်အတွင်း လွိုင်ကော်မြို့နယ် ကယန်းသာယာတောင်ကျေးရွာရှိ ဘုရားရှိခိုးကျောင်း သို့ မေလ(၂၄)ရက်နေ့အကူး နံနက် (၁)နာရီဝန်းကျင်က   လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဘုရားကျောင်းအတွင်း စစ်ရှောင်နေသည့် ဒေသခံ (၄)ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး (၈)ဦးခန့် ဒဏ်ရာရရှိထားကြောင်း သိရသည်။ 

မေလ (၂၃)ရက်နေ့မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့် အာဏာသိမ်းစစ်ကောင်စီ၏တပ်များ လွိုင်ကော်၊ ဒီးမော့ဆို ၊ မိုးဗြဲး တစ်လျှောက် တိုက်ပွဲများ ဖြစ်ပွားခဲ့သောကြောင့် ထောင်နှင့်ချီသည့် စစ်ရှောင်များမှာ နီးစပ်ရာ ဘာသာရေးအဆောက်အအုံများတွင် သွားရောက် ခိုလှုံနေကြရခြင်းဖြစ်ကြောင်း သိရသည်။

Photo: CJ