ကျိုင်းတုံမြို့တွင် ဆိုင်ကယ် လုယက်ခိုးယူသွားသူကို ရွာသားများက တူမီးဖြင့် ပစ်ခတ်ဖမ်းဆီရာမှ သေဆုံး

အ‌လောင်းအား ရင်ခွဲရုံသို့ ပို့ဆောင်စဉ်  [ Photo: တိုင်းနေနာရေးကူညီမှုအသင်း ]
အ‌လောင်းအား ရင်ခွဲရုံသို့ ပို့ဆောင်စဉ် [ Photo: တိုင်းနေနာရေးကူညီမှုအသင်း ]
ကျိုင်းတုံမြို့တွင် ဆိုင်ကယ် လုယက်ခိုးယူသွားသူကို ရွာသားများက တူမီးဖြင့် ပစ်ခတ်ဖမ်းဆီရာမှ သေဆုံး

 ဆိုင်ကယ်ခိုးမှုများကို မနှိမ်နင်းနိုင်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း မြို့နယ်များအနက် ကျိုင်းတုံမြို့တွင် ဆိုင်ကယ်လုယူပြီး ထွက်ပြေးသူကို တူမီးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားကြောင်း သိရသည်။

ကျိုင်းတုံမြို့ လွယ်လုံကျေးရွာအုပ်စု၊ နမ့်ညပ်ရွာတွင် ၂၀၂၂ခုနှစ် ဧပြီလ(၁၇)ရက်နေ့ ညနေပိုင်းက အမျိုးသားတစ်ဦးသည် ကျေးရွာအတွင်းမှ ဆိုင်ကယ်အား လုယူပြီး ထွက်ပြေးစဉ် ရွာသားများက တူမီးသေနတ်ဖြင့် ပစ်ခတ်လိုက်ရာမှ သေဆုံးသွားသည့်အတွက် တိုင်းနေနာရေးကူညီမှုအသင်းက ရင်ခွဲရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင်း မြို့များအနက် တာချီလိတ်မြို့ နှင့် ကျိုင်းတုံမြို့တို့သည် ဆိုင်ကယ် ခိုးယူ လုယက်မှု အဖြစ်များဆုံး မြို့များဖြစ်သော်လည်း  သက်ဆိုင်ရာက ထိထိရောက်ရောက် တားဆီး ကာကွယ်ပေးနိုင်ခြင်း မရှိဟု သိရသည်။

တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးယူမှုများအနေဖြင့် လူငယ်တစ်ဖွဲ့က ဆိုင်ကယ်ပြန်လည်ရရှိရန် ကြိုးပမ်းဖော်ထုတ်ပေးမှုများရှိသလို  ယခု ကျိုင်းတုံမြို့တွင်လည်း ဆိုင်ကယ် လုယက် ခိုးယူသည်ကို ကျေးရွာသားများက မိမိအစီအစဉ်ဖြင့် ခုခံကာကွယ်မှုများ လုပ်ဆောင်နေရကြောင်း နှင့် ရဲတပ်ဖွဲ့အနေဖြင့် ခိုးခံရသည့် ဆိုင်ကယ်များကို ဖော်ထုတ်ရမိပါကလည်း  စခန်းမှူးများက ငွေကြေးမတောင်းခံဟု ဆိုသော်လည်း နယ်ထိန်းအဖွဲ့များက တောင်းခံနေကြဆဲဟုလည်း သိရသည်။

#TachileikNewsAgency