မိုင်းဆတ်မြို့တွင် ဖမ်းမိသည့် မူးယစ်တရားခံ တစ်ဦးတွင် Covid-19 စစ်ဆေးတွေ့ရှိသော်လည်း ဖမ်းဆီးရေးနှင့်စစ်ကြောရေးတွင် ပါဝင်သည့် မူးယစ်ရဲများမှာ ပုံမှန်အတိုင်း သွားလာနေ

မိုင်းဆတ်မြို့တွင် ဖမ်းမိသည့် မူးယစ်တရားခံ တစ်ဦးတွင် Covid-19 စစ်ဆေးတွေ့ရှိသော်လည်း ဖမ်းဆီးရေးနှင့်စစ်ကြောရေးတွင် ပါဝင်သည့် မူးယစ်ရဲများမှာ ပုံမှန်အတိုင်း သွားလာနေ
နိုဝင်ဘာ 1, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်း အောက်တိုဘာလ(၃၀)ရက်နေ့က တစ်နေ့တာအတွင်း စစ်ဆေးတွေ့ရှိရသည့် Covid-19 ပိုးတွေ့ (၁၅)ဦးတွင် မူးယစ်တရားခံ တစ်ဦးပါဝင်ရာ ဖမ်းဆီးရေးနှင့် စစ်ကြောရေးတွင် ထိတွေ့မိသည့်  မူးယစ်ရဲတပ်ဖွဲ့ဝင်များမှာ ၎င်းတို့လည်း စစ်ဆေးခြင်းမရှိဘဲ ပုံမှန်အတိုင်း သွားလာနေကြောင်း သိရသည်။

 

(၃၀)ရက်နေ့မှာ မူးယစ်တရားခံတစ်ဦး ဖမ်းမိခဲ့တယ်။ အဲ့ဒီတရားခံကို ကိုဗစ် စစ်ကြည့်တော့ Positive ထွက်ပါတယ်။ အဲ့ဟာကို မူးယစ်တပ်ဖွဲ့စု(၂၉)က သူတို့ ယန္တရား ရပ်တန့်သွားမှာစိုးရိမ်ပြီး ဖုံးကွယ်ထားပါတယ်။  အပြင်ကို မပေါက်ကြားအောင် အကုန်ပိတ်ပင်ထားပါတယ်။ တရားခံနဲ့ ထိတွေ့တဲ့လူတွေကိုလည်း မစစ်ရသေးဘဲ ခုမနက်တောင်မှ မူးယစ်တပ်ဖွဲ့က ဘာမှမဖြစ်သလိုနဲ့ အစည်းဝေးတွေလည်းခေါ်နေတာ

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၁)ရက်နေ့တွင် ပြောသည်။

 

အောက်တိုဘာလ(၃၀)ရက်နေ့က မိုင်းဆတ်မြို့နယ်အတွင်း  ဝိန်းကောင်းရပ်ကွက်မှ (၅)ဦး၊ အိမ်တွင်းမှုကျောင်းမှ (၁)ဦး၊  ဝမ်ကန်မှ (၄)ဦး၊ နောင်ဘိုရွာမှ မူးယစ်တရားခံ (၁)ဦး၊ စခန်းအနီး ထမင်းဆိုင် မှ (၁)ဦး နှင့် မိုင်းတုံလမ်း (၉)မိုင်မှ မိသားစု(၃)ဦး စုစုပေါင်း Covid-19 ကူးစက်ခံထားရသူ (၁၅)ဦး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

 

မိုင်းဆတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့ နေ့လည်ပိုင်းအထိ Covid-19 ကူးစက်ခံထားရသူ (၅၅၀)ကျော်အထိ ရှိနေကြောင်း သိရသည်။