ဝန်ထမ်းများ ကားတင်သွင်းခွင့်တွင် လူနည်းစုဖြစ်သည့် ညွှန်ချုပ်များ အဆင်ပြေစေရန် အကြီးတန်းကို အရင် ခွင့်ပြုပေးခြင်းဖြစ်ပြီး အသေးစိတ် အစီအစဉ်ကို တစ်လအတွင်း ထုတ်ပြန်ဖွယ်ရှိ

ဝန်ထမ်းများ ကားတင်သွင်းခွင့်တွင် လူနည်းစုဖြစ်သည့် ညွှန်ချုပ်များ အဆင်ပြေစေရန် အကြီးတန်းကို အရင် ခွင့်ပြုပေးခြင်းဖြစ်ပြီး အသေးစိတ် အစီအစဉ်ကို တစ်လအတွင်း ထုတ်ပြန်ဖွယ်ရှိ
ဇန်နဝါရီ 26, 2020
By Tachileik News Agency

ဝန်ထမ်းများ ကားတင်သွင်းခွင့်တွင် လူနည်းစုဖြစ်သည့် ညွှန်ချုပ်များ အဆင်ပြေစေရန် အကြီးတန်းကို အရင် ခွင့်ပြုပေးခြင်းဖြစ်ပြီး အသေးစိတ် အစီအစဉ်ကို တစ်လအတွင်း ထုတ်ပြန်ဖွယ်ရှိ

ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်း လုပ်သက် (၂၅)နှစ်အထက် ဝန်ထမ်းကောင်းလက်မှတ်ရသူများကို မော်တော်ယာဉ် တင်သွင်းခွင့်ပြုခြင်းအား စနစ်တကျ ဖြစ်စေရန် အရေအတွက် နည်းသည့် ညွှန်ကြားရေးမှူးချုပ် အဆင့်အား အဆင်ပြေရန် အကြီးတန်းကို ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားလိုက်သည်။

"ညွှန်ချုပ်တွေ ဘာတွေက လူနည်းတော့ ပွဲဦးထွက် စနစ်တကျဖြစ်အောင် လုပ်လိုက်တာပါ။ နောက်ဒါတွေက ဆက်တိုက်သွားမှာ။ (၂၅) နှစ်တို့ ဝန်ထမ်းကောင်းရရင်တို့ ဒါတွေက ဘယ်သူဖြစ်ဖြစ် အကျုံးဝင်လာမှာ။ အဆင်ပြေအောင် အကြီးတန်းကို ခွင့်ပြုလိုက်တာ။ ဆင့်ကဲ ဆင့်ကဲသွားမှာ။ နောက်ချန်တာ မဟုတ်ဘူး"

ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများအား မော်တော်ယာဉ် အရစ်ကျရောင်းချပေးရေး အစီအစဉ်အရ မော်တော်ယာဉ် တင်သွင်းခွင့်ကို တစ်လအတွင်း အသေးစိတ် ထုတ်ပြန်နိုင်ဖွယ်ရှိပြီး လုပ်သက် (၂၅) နှစ်အထက် ဝန်ထမ်းတိုင်းကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ပေးမယ်လို့ ဆုံးဖြတ်ပြီးပြီ။ ပေးရမယ့် အစီအစဉ် အသေးစိတ်က ရေးဆွဲနေရတုန်း။ ဘယ်လိုတင်သွင်းမယ်၊ ဘယ်က တင်သွင်းမယ်စသဖြင့် ညှိနေတော့ မကြာခင်တော့ ထုတ်ပြန်မှာပါ။ အများဆုံးကြာရင် တစ်လပေါ့။ တင်သွင်းခွင့်ပေးပြီးမှ စာရင်းဇယားတွေ၊ လူနာမည်တွေ အမှားအယွင်း မဖြစ်အောင် ပြည်တွင်းက ကားတင်သွင်းတဲ့သူတွေ၊ ထုတ်လုပ်သူတွေနဲ့ ညှိနေတုန်းပါ။ အစည်းအဝေးက ဆုံးဖြတ်ပြီးပါပြီ" 

ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများအား မော်တော်ယာဉ် အရစ်ကျရောင်းချပေးရေး အစီအစဉ်အရ မော်တော်ယာဉ် တင်သွင်းခွင့်ပေးရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများက လုပ်သက် (၂၅)နှစ်အထက် ဝန်ထမ်းစာရင်း ကောက်ယူခြင်းများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ်များ တင်သွင်းခွင့်ပြုသွားမည်ဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ နှစ်စဉ်ထုတ်ပြန်သည့် ပြည်ပမှတင်သွင်းသော မော်တော်ယာဉ်များ၏ ထုတ်လုပ်သည့် ခုနှစ် အမိန့်ကြော်ငြာစာပါ သတ်မှတ်ချက်အတိုင်း တင်သွင်းခွင့်ပြုမည်ဟု ဇန်နဝါရီလ (၂) ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~