တာချီလိတ်မြို့တွင် ထောင်ဒဏ်(၃)နှစ် ချမှတ် ခံထားရသည့် ပန်းသည်အမျိုးသမီးကို အကြမ်းဖက်ဥပဒေဖြင့် အမှုထပ်တိုးဖွင့်

တာချီလိတ်မြို့တွင် ထောင်ဒဏ်(၃)နှစ် ချမှတ် ခံထားရသည့် ပန်းသည်အမျိုးသမီးကို အကြမ်းဖက်ဥပဒေဖြင့် အမှုထပ်တိုးဖွင့်
ဧပြီ 14, 2022 | ရှမ်းရှေ့

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အာခါဈေးမှ ပန်းရောင်းသည့် အမျိုးသမီးတစ်ဦးကို အာဏာသိမ်းအဖွဲ့က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၃) ရက်နေ့တွင် ဖမ်းဆီးသွားပြီး ပုဒ်မ ၅၀၅ -ကဖြင့် ထောင် ၃ နှစ်ချမှတ်လိုက်သည့် အပြင် အကြမ်းဖက်ဥပဒေဖြင့်ပါ ထပ်တိုးအမှုဖွင့်လိုက်ကြောင်း သိရသည်။

မမိစိုး (ခ) မသန္တာစိုးကို အာဏာသိမ်းအဖွဲ့က ဇန်နဝါရီလ (၂၃) ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးသွားခဲ့ပြီးနောက် ပုဒ်မ ၅၀၅ ကဖြင့် အမှုဖွင့်ကာ ကျိုင်းတုံထောင်သို့ ပို့လိုက်ပြီး ဧပြီလ (၄)ရက်နေ့တွင် ထောင်ဒဏ် (၃)နှစ် အမိန့်ချခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် အကြမ်းဖက်ဥပဒေဖြင့် အမှုထပ်ဖွင့်လိုက်ပြီး သင်္ကြန်အပြီးတွင် အဆိုပါ အမှုအတွက် စစ်ဆေးမည်ဟု သိရသည်။

သူအဖမ်းခံရတာက facebook မှာ ရေးလို့ဆိုပြီး သတင်းပေးတိုင်ခံရတာ။ တိုင်တဲ့သူတွေက ဘယ်လောက်တောင် လုပ်ကြလဲမသိဘူး အကြမ်းဖက်နဲ့ပါ ထပ်ဖွင့်ခံရသတဲ့။ သူ့မှာ ကလေးလည်းရှိသေးတာကို ဘယ်လောက်များ အညှိုးကြီးနေလဲ မသိပါဘူး။ လျှော့ပေးသင့်တယ်လို့ မြင်ပါတယ်။ သူ့သားသမီးတွေကို ကြည့်ရတာလည်း စိတ်မကောင်းဖြစ်မိတယ်

ဟု မမိစိုး၏ အသိမိတ်ဆွေတစ်ဦးက Tachileik News Agency သို့ ပြောသည်။

မမိစိုး(ခ)မသန္တာစိုးအား တာချီလိတ်ရှိ ဟောင်လိတ်ရဲစခန်းက အမှုဖွင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။