ဖရူဆိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းတပ်ကို ကြားဖြတ်တိုက်ရာ ဘက်ဟိုးတစ်စီး ပျက်စီးပြီး စစ်ကောင်စီတပ်သား (၈)ဦး သေဆုံး

ဖရူဆိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းတပ်ကို ကြားဖြတ်တိုက်ရာ ဘက်ဟိုးတစ်စီး ပျက်စီးပြီး စစ်ကောင်စီတပ်သား (၈)ဦး သေဆုံး
ဧပြီ 13, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း  ၂၀၂၂ ခုနှစ်၊ ဧပြီလ(၁၂)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်အချိန်က စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ ဘက်ဟိုးတင်လာသည့် ကားအပါအဝင် ကားနှစ်စီး မီးလောင်သွားသည့်အပြင် သေဆုံးသူများလည်းရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များ၏ ယနေ့ ဧပြီလ(၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖရူဆိုမြို့ မာခရော်ရှေ့နှင့် လောကျေခူရွာသစ်ကြားတွင် စစ်ကောင်စီ၏ အမှတ်(၁၄)လေ့ကျင့်ရေးတပ်က စစ်ကြောင်းထိုးလာသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ် ဖရူဆို ( PDF Hpruso )က KA၊ KNDF B-B04 နှင့်  Karenni Nationalities Defence Force - KNDF/ B-15 တို့နှင့်အတူ ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ တိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ (၈)ဦး သေဆုံးပြီး ၎င်းတို့ထံမှ လက်နက်ခဲယမ်းများကို ပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။ 

ကြားဖြတ်တိုက်ခိုက်သည့် ပူးပေါင်းမဟာမိတ်အဖွဲ့မှ ရဲဘော်တစ်ဦး ဒဏ်ရာရသွားသော်လည်း မစိုးရိမ်ရကြောင်း သိရသည်။

Photo: KNDF/B-1 , PDF Hpruso