တာချီလိတ်မြို့တွင် ညနေပိုင်းအထိ (၈)ဦးထပ်တိုး၍ တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံထားရသူ (၆၈)ဦး တွေ့ရှိ

တာချီလိတ်မြို့တွင် ညနေပိုင်းအထိ (၈)ဦးထပ်တိုး၍ တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံထားရသူ (၆၈)ဦး တွေ့ရှိ
ဇူလိုင် 5, 2021 | Covid-19| ရှမ်းရှေ့

 တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၅)ရက်နေ့  ညနေပိုင်းတွင် Covid-19 ပိုးတွေ့ရသူ (၈)ဦး ထပ်တိုးသည့်အတွက် တစ်နေ့တာ အနေဖြင့် စုစုပေါင်း Covid-19 အတည်ပြုလူနာ (၆၈)ဦးအထိ တွေ့ထားရခြင်းကြောင့် စုစုပေါင်း (၁၃၇)ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

ယနေ့ တစ်နေ့တာတွေ့ရှိရသည့် လူနာသစ် (၆၈)ဦးတွင် ဆေးရုံဟောင်းတွင် လာရောက် စစ်ဆေးရာမှ တွေ့ရှိသူများ ပါဝင်သလို DAT KTV & Club မှ ထိတွေ့မှုရှိသူ (၄၀)ကျော် ပါဝင်ကြောင်း သိရသည်။

ပိုးတွေ့သူ အများစုမှာ မိန်းကလေးများ အများဆုံးပါဝင်နေပြီး ထိတွေ့မှုရှိ၍ အသွားအလာ ကန့်သတ်ထားသူမှ လွဲ၍ ဆေးရုံဟောင်းသို့ လာရောက်စစ်ဆေးပြီး ပိုးတွေ့ရသူများ၏ တစ်ပတ်အတွင်း သွားလာခဲ့မှု အခြေအနေများ နှင့် ထိတွေ့သူများကို မေးမြန်းနေကြောင်းသိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့တွင် ပထမဆုံးအနေဖြင့် အတည်ပြုလူနာ (၃)ဦး တွေ့ရှိခဲ့ရာမှ ယနေ့ ဇူလိုင်လ(၅)ရက်နေ့ ညနေပိုင်းအချိန်အထိ စုစုပေါင်း (၁၃၇)ဦးအထိ တွေ့ရှိလာခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင် (၈)ရက်အတွင်း Covid-19 ကူးစက်ခံထားရသူ (၁၃၇)ဦးအထိ ရှိနေသည့်အတွက် Stay at Home သတ်မှတ်နိုင်ရေးအတွက် ဆွေးနွေးနေကြောင်းလည်း သိရသည်။

#TachileikNewsAgency