မိုင်းဆတ်မြို့တွင် အုပ်စုဖွဲ့ရိုက်နှက်မှုကြောင့် လူငယ်တစ်ဦး သေဆုံး

မိုင်းဆတ်မြို့တွင် အုပ်စုဖွဲ့ရိုက်နှက်မှုကြောင့် လူငယ်တစ်ဦး သေဆုံး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် ဂိုဏ်းပုံစံဖွဲ့ထားသည့် White Star အမည်ဖြင့်အဖွဲ့က ၂၀၂၁ ခုနှစ် ဇွန်လ (၆) ရက်နေ့တွင် အုပ်စုဖွဲ့ရိုက်နှက်၍ လူငယ် (၁) ဦးသေ၊ တစ်ဦးဒဏ်ရာရသွားပြီး ဇွန်လ (၇) ရက်နေ့တွင်လည်း ၎င်းတို့ကားကို ဆိုင်ကယ်ကျော်တက်သွားသဖြင့် သေနတ်ပစ်ဖေါက်ကြောင်း သိရသည်။

အဆိုပါအဖွဲ့မှ လူအင်အား (၂၀) ဝန်းကျင်သည် ဇွန်လ (၆) ရက်နေ့ ည (၈)နာရီကျော်ဝန်းကျင်၌ မိုင်းဆတ်မြို့ ဝိန်းဝိုင်ရပ်ကွက်အတွင်း လူငယ် (၂) ဦးအား အုပ်စုဖွဲ့ရိုက်နှက်ကြသဖြင့် လူငယ်တစ်ဦး၏ဖခင်က ရဲကိုအကူအညီတောင်းရာ လာရောက်တားဆီးသည့် ရဲတစ်ဦး၏ ခေါင်းကိုပါ အရိုက်ခံရသည်ဟု သိရသည်။

အုပ်စုဖွဲ့ရိုက်နှက်မှုကြောင့် စိုင်းလောဝ်ခေး (အိုက်စိုင်းအွမ်)မှာ သေဆုံးသွားပြီး ဒဏ်ရာရသွားသည့် လူငယ်ကို ဆေးရုံသို့ ပို့ဆောင်ကုသနေရကြောင်း သိရသည်။

"တစ်ဦးကိုတော့ ကျိုင်းတုံဆေးရုံကို ပို့တဲ့အချိန်မှာ လမ်းမှာ ကျိုင်းတုံမရောက်လိုက်ပဲ လမ်းမှာဆုံးသွားတာလို့ သိရတယ်"ဟု မိုင်းဆတ်ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၈)ရက်နေ့တွင် ပြောသည်။

အုပ်စုဖွဲ့ရိုက်နှက်သည့် White Star အဖွဲ့မှ အချို့ကို ဖမ်းမိထားပြီး ကျန်လူများမှာ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။

ယင်းနောက် အဆိုပါအဖွဲ့က ဇွန်လ (၇) ရက်နေ့ နံနက် (၁၀)နာရီခွဲဝန်းကျင်၌ ကားမောင်းလာစဉ် ဝိန်းဝိုင်ရပ်ကွက် လားဟူရိုးရာခန်းမရှေ့အရောက်၌ ဆိုင်ကယ်တစ်စီးက ကျော်တက်သွားရာ သေနတ်ပစ်ဖေါက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဖွဲ့သည် အဖြူရောင်စာသားဖြင့် White Star စာတန်းရေးထိုးထားသည့် အနက်ရောင်အင်္ကျီများကို ဝတ်ဆင်လေ့ရှိကာ အိတ်ဇောဖြုတ်ထားသည့်ဆိုင်ကယ်များကို အုပ်စုလိုက် မောင်းနှင်လေ့ရှိကြသည်ဟု သိရသည်။